ကမ္ဘာပေါ်မှာ စတုတ္ထ စီးပွားရေးအင်အား အတောင့်တင်းဆုံး နေရာကို ကယ်လီဖိုးနီးယားပြည်နယ်က ရောက်ရှိ လာကြောင်း AP သတင်းမှာဖော်ပြထားပါတယ်။ အမေရိကန်ရဲ့ ပြည်နယ် ၅၀ ထဲကတစ်ခုဖြစ်တဲ့ ကယ်လီဖိုးနီး ယားရဲ့ ပြည်တွင်းထုတ်ကုန်တန်ဖိုး(GDP)ဟာ ကမ္ဘာပေါ်မှာ လက်ရှိ GDP အများဆုံးဖြစ်တဲ့ ဂျပန်ထက် ပိုများလာ တယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)နဲ့ အမေရိကန် စီးပွားရေးလေ့လာစောင့်ကြည့်မှု ဗျူရိုတို့က ပြောကြားထားပါတယ်။

ကယ်လီဖိုးနီးယားရဲ့ နှစ်အလိုက် စီးပွားရေး တိုးတက်မှုဆိုင်ရာ ကိန်းဂဏန်း အချက်အလက်တွေအရ ပြည်နယ်ရဲ့ GDP ဟာ ၂၀၂၄ ခုနှစ်မှာ အမေရိကန် ဒေါ်လာ ၄ ဒသမ ၁၀ ထရီလီယံထိ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီနှစ်မှာ ဂျပန်တစ်နိုင်ငံလုံးရဲ့ GDP က အမေရိကန် ဒေါ်လာ ၄ ဒသမ ၀၁ ထရီလီယံသာ ရှိခဲ့တာဖြစ်ပါတယ်။ဒါ့ကြောင့် ကယ်လီဖိုးနီးယားသာ ပြည်နယ် အဆင့်မဟုတ်ဘဲ နိုင်ငံတစ်ခု ဖြစ်ခဲ့မယ်ဆိုရင် ကမ္ဘာပေါ်မှာ စီးပွားရေး အင်အား စတုတ္ထ အကြီးမားဆုံး နိုင်ငံအနေနဲ့ ဂျပန်ကို ကျော်တက်နိုင်မှာ ဖြစ်ပါတယ်။

လက်ရှိ ကမ္ဘာ့စီးပွားရေး အင်အား အတောင့်တင်းဆုံး ၃ နိုင်ငံအဖြစ် အမေရိကန်၊ တရုတ်နဲ့ ဂျာမနီတို့က အစဉ်လိုက် ရပ်တည်နေတာ ဖြစ်ပါတယ်။တစ်ဖက်မှာတော့ သမ္မတ ဒေါ်နယ်လ်ထရမ့် ကျင့်သုံးနေတဲ့ သွင်းကုန်ခွန် မြှင့်တင်စည်းကျပ်မှု မူဝါဒတွေက ကယ်လီဖိုးနီးယားရဲ့ စီးပွားရေး တိုးတက်မှုတွေကို ထိခိုက်လာနိုင်တဲ့အပေါ် စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။