ဗဟိုဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တွေဟာ သီးခြားလွတ်လပ်စွာဆောင်ရွက်နိုင်ပြီး အခုအခါ သတ်မှတ်စည်းကမ်းတွေကို ဖောက်ဖျက်တာကြောင့် နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒတွေကို ထိပါးလာတဲ့အတွက် အစိုးရအနေနဲ့ ထိုက်သင့် အားလျော်စွာ ကြီးကြပ်ဆောင်ရွက်ပေးနေရတယ်လို့ နစက အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး က ပြောပါတယ်။
ဇူလိုင် ၁၀ ရက်က နေပြည်တော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမမှာ ကျင်းပတဲ့ နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကဘဏ်တွေက နာယကတွေ၊ ဥက္ကဋ္ဌတွေနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာတွေ တွေ့ဆုံ ဆွေးနွေးရာမှာ ပြောကြားခဲ့တာပါ။

ပြည်သူလူထုအနေနဲ့လည်း မလိုအပ်ဘဲ ငွေကြေးအမြောက်အမြားထုတ်ယူတာနဲ့ ကောလာဟလသတင်းတွေ အပေါ် စိုးရိမ်စိတ်လွန်ကဲပြီး ထုတ်ယူတာတွေ မပြုလုပ်ကြဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။ နိုင်ငံတော်အစိုးရ၊ အများပြည်သူနဲ့ ဘဏ်တွေအကြား သုံးဦးသုံးဖလှယ်အကျိုးရှိတဲ့ Win-Win-Win Situation ရရှိစေရေး ကြိုးပမ်း ဆောင်ရွက်သွားဖို့ တိုက်တွန်းပါကြောင်းလည်း ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ပြောပါတယ်။
အဲဒီနောက်မှာတော့ နိုင်ငံပိုင် နဲ့ ပုဂ္ဂလိကဘဏ်တွေက နာယကတွေ ဥက္ကဋ္ဌတွေ ဦးဆောင်ညွှန်ကြားရေးမှူးတွေနဲ့ တာဝန်ရှိသူတွေက ခိုင်မာအားကောင်းတဲ့ ငွေရေးကြေးရေးကဏ္ဍဖြစ်ပေါ်လာရေး ပူးပေါင်းဆောင်ရွက်သွားမယ့် အခြေအနေတွေ ဘဏ်လုပ်ငန်းဆိုင်ရာပြဋ္ဌာန်းထားတဲ့ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့ အညီ လိုက်နာဆောင် ရွက်သွားမယ့် အခြေအနေတွေ နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး ဆက်လက်ဆောင်ရွက်သွားမယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။