ရန်ကုန်တိုင်းဒေသကြီးမှာ စက်သုံးဆီတွေ အခုရက်ပိုင်းအတွင်း ပုံမှန်အနေအထားပြန်လည်ရောက်ရှိရေးအတွက် စက်သုံးဆီ အရောင်းဆိုင်တွေကို လုံလုံလောက်လောက်ရောင်းချပေးထားတယ်လို့ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းသိုလှောင်ရောင်းချ ဖြန့်ဖြူးရေးအသင်း တာဝန်ရှိသူတွေကပြောပါတယ်။
ဩဂုတ် ၁၆ ရက်၊ မွန်းလွဲပိုင်းက သီလဝါရှိ မြတ်မေတ္တာမွန်စက်သုံးဆီသိုလှောင်စခန်းကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနဲ့ အစိုးရအဖွဲ့ဝင်တွေက ရောက်ရှိလာရာမှာ မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းသိုလှောင်ရောင်းချဖြန့်ဖြူးရေးအသင်းတာဝန်ရှိသူတွေက ရှင်းလင်းတင်ပြခဲ့တာဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းက စက်သုံးဆီအရောင်းဆိုင် ၂၁၀ မှာ စက်သုံးဆီဝယ်လိုအား သိသိသာသာမြင့်တက်လာမှုကြောင့်အချို့ဆိုင်တွေဟာ သိုလှောင်ကန်ကို ဆီသယ်ယာဉ်ဆီဖြည့်သွားစဉ် ခေတ္တအရောင်းရပ်ထားရတဲ့အတွက် သုံးစွဲသူပြည်သူတွေက စိုးရိမ်စိတ်နဲ့ဝယ်ယူသုံးစွဲလိုမှု များပြားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆီသိုလှောင်ကန်မှာ ဆီသယ်ယာဉ်တွေပေါ်ကို ဆီဖြည့်သွင်းတဲ့စနစ် အားနည်းချက်မရှိရေး၊ အစီအစဉ်တကျဖြည့်သွင်းတာ ထွက်ခွာတာနဲ့ ဆိုင်အရောက်မြန်ဆန်ရေးဆောင်ရွက်ဖို့၊ အမြန်ဆုံးချောမွေ့အောင် ဆောင်ရွက်ပေးနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ကြဖို့နဲ့ လိုအပ်တာတွေကိုတာဝန်ရှိသူတွေ၊ ဆီဖြည့် Terminal တွေ၊ ဆီသယ်ယာဉ်တွေကတာဝန်ရှိသူက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးဖို့ ပြောကြားခဲ့ပါတယ်။
ဩဂုတ် ၁၇ ရက်အတွက် ရန်ကုန်စက်သုံးဆီ ဈေးနှုန်းတွေကတော့ အောက်တိန်း 92 တစ်လီတာကို ၂၉၀၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၃၀၄၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာကို ၂၅၆၀ ကျပ်နဲ့ ပရီမီယံဒီဇယ်တစ်လီတာကို ၃၁၁၅ ကျပ် သတ်မှတ်ထားတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။