ပြည်ပကနေ စက်သုံးဆီတွေ ပုံမှန်တင်သွင်းသိုလှောင်ဖြန့်ဖြူးနေတဲ့အတွက် ပြတ်လပ်မှုမရှိနိုင်ဘူးလို့ စွမ်းအင်ဝန်ကြီးဌာနကနေ သိရပါတယ်။ ဇူလိုင်လလယ်ခန့်ကစကာ မိုးအဆက်မပြတ်ရွာသွန်းပြီးရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေတဲ့အတွက် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ သီလဝါ ဆိပ်ကမ်းဒေသရှိ Terminal တွေမှာ ပုံမှန်လုပ်ငန်းဆောင်ရွက်မှုတွေနှောင့်နှေးကြန့်ကြာမှုတွေ ရှိနေတယ်လို့ဆိုပါတယ်။

သယ်ယူပို့ဆောင်ရာမှာလည်း လမ်းခရီးအခြေအနေတွေအရ တချို့ဒေသတွေကို ဆီတင်ယာဉ် ရောက်ရှိဖို့ အချိန်အနည်းငယ် ကြန့်ကြာတာကြောင့် အရောင်းဆိုင်တချို့မှာ ဆီတင်ယာဉ်မရောက်မီ စက်သုံးဆီ အမယ်အချို့ ယာယီပြတ်လပ်မှု မဖြစ်ပေါ်စေရေး စနစ်တကျ စိစစ်ထိန်းသိမ်းရောင်းချနေတာ ဖြစ်တယ်လို့လည်းသိရ ပါတယ်။ ရေကြီးရေလျှံမှုတွေကြောင့် ယာယီပိတ်သိမ်းထားတဲ့ အရောင်းဆိုင်တွေကို ပေးပို့နေတဲ့ စက်သုံးဆီတွေကိုလည်း လိုအပ်တဲ့အရောင်းဆိုင်တွေဆီ ရွှေ့ပြောင်းချယူတာတွေ စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ပြည်တွင်းစက်သုံးဆီ ဖူလုံမှု ရှိစေဖို့နဲ့ ပြတ်လပ်မှုမရှိစေဖို့အတွက် သီလဝါသိုလှောင်ကန်တွေမှာ လာမယ့်ဩဂုတ်လ ဒုတိယပတ်အကုန်ထိ စက်သုံးဆီဖူလုံစွာ သုံးစွဲနိုင်ရေး ကြိုတင်သိုလှောင်ဖြန့်ဖြူးထားပြီး ပြည်ပကနေ စက်သုံးဆီတင်သင်္ဘောတွေ စဉ်ဆက်မပြတ် ဝင်ရောက်ဖို့ စီမံကြီးကြပ်ဆောင်ရွက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် အများပြည်သူတွေအနေနဲ့ စက်သုံးဆီပြတ်လပ်မှာကို စိုးရိမ်ကြောင့်ကြမှုမရှိဖို့ လိုအပ်တာထက်ပိုဝယ်ယူတာ၊ သိုလှောင်ထားတာ၊ ဈေးနှုန်းမြှင့်ပြီး တစ်ဆင့်ပြန်ရောင်းချတာတွေ မပြုလုပ်ကြဖို့၊ လိုအပ်တဲ့ပမာဏကိုသာ ဝယ်ယူသုံးစွဲဖို့နဲ့ အရောင်းဆိုင်တွေအနေနဲ့လည်း စက်သုံးဆီရှိလျက် ရောင်းချမပေးတာတွေ မပြုလုပ်ဖို့ကိုလည်း အသိပေးထားပါတယ်။