စက်သုံးဆီအရောင်းဆိုင်တွေမှာ သိုလှောင်နိုင်တဲ့ပမာဏကို အရင်က အများဆုံးဂါလန် ၇၆၈၀၀ အထိသာ ခွင့်ပြုရာမှာ အခု ဂါလန် ၇၆၈၀၀ ကျော်နဲ့အထက် စတင်သိုလှောင်ဖို့တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်ပါတယ်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၄၂၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားတဲ့လုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီး ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ဓာတ်ငွေ့ရည် (LPG) ၊ သဘာဝဓာတ်ငွေ့ (CNG)အပါအဝင် စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရဲ့ ကနဦးပတ်ဝန်းကျင် ဆန်းစစ်တာ ဒါမှမဟုတ် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ချက်အရ ဂါလန် ၇၆၈၀၀ ကျော်မှ စတင်သိုလှောင်နိုင်ဖို့ တိုးမြှင့်ပြင်ဆင်သတ်မှတ်လိုက်တာဖြစ်တယ်လို့ အမိန့်ကြော်ငြာစာအရသိရပါတယ်။
အခုလို သိုလှောင်နိုင်တဲ့ဂါလန်ပမာဏကို တိုးမြှင့်သတ်မှတ်ပေးလိုက်တာဟာ လုပ်ငန်းရှင်တွေရဲ့ ဝန်ထုပ်ဝန်ပိုးကိုလျှော့ချတဲ့အနေနဲ့ ဆောင်ရွက်ပေးတာဖြစ်တယ်လို့လည်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။