ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းကမြို့ကြီးတချို့ရဲ့ စက်သုံးဆီရည်ညွှန်းလက်လီဈေးဟာ ဩဂုတ်လ ၂၃ ရက်မှာ အနည်းငယ်ကျဆင်းလာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ရန်ကုန်မြို့ရဲ့ စက်သုံးဆီရည်ညွှန်းလက်လီဈေးဟာဆိုရင် အောက်တိန်း 92 တစ်လီတာကို ၂၉၇၅ ကျပ်၊ အောက် တိန်း 95 တစ်လီတာကို ၃၁၁၅ ကျပ်၊ ဒီဇယ် တစ်လီတာကို ၂၆၁၀ ကျပ်နဲ့ ပရီမီယမ် ဒီဇယ်တစ်လီတာကို ၃၂၀၀ ကျပ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

အခုထုတ်ပြန်တဲ့ ဈေးနှုန်းဟာ ဩဂုတ်လ ၂၂ ရက်နဲ့ နှိုင်းယှဉ်ရင် 92 တစ်လီတာ ၁၅ ကျပ်၊ 95 တစ်လီတာ၂၅ ကျပ်၊ ဒီဇယ်နဲ့ ပရီမီယမ် ဒီဇယ်တစ်လီတာ ၁၀ ကျပ်စီ ကျဆင်းလာတာဖြစ်ပါတယ်။ နေပြည်တော်အပါအဝင် အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက မြို့ကြီးတွေရဲ့စက်သုံးဆီရည်ညွှန်း လက်လီဈေးကလည်း အရင်နေ့ပေါက်ဈေးထက် အနည်းငယ်ကျဆင်းလာပါတယ်။
စက်သုံးဆီဆိုင်တွေမှာလည်း စက်သုံးဆီဝယ်ယူသုံးစွဲဖို့အတွက် အချိန်ကြာမြင့် စွာတန်းစီစောင့်ဆိုင်းနေရတာမျိုးမရှိတော့ဘဲ ဆီဆိုင်တွေကနေ လိုသလောက်ရတယ်လို့လည်း အငှားယာဉ်မောင်းတွေဆီကသိရပါတယ်။