ပြည်ပကနေ စက်သုံးဆီတင်သင်္ဘော ၄ စင်းက စက်သုံးဆီတန်ချိန် ရှစ်သောင်းကျော် ချယူဖြည့်တင်းခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ဩဂုတ် ၂၃ ရက်ကထုတ်ပြန်ထားပါတယ်။ ဩဂုတ် ၂၂ ရက်မှာတော့ ရန်ကုန် မြစ်ဝ Pilot မှာ ဆီတင်သင်္ဘော ၆ စင်း ရောက်ရှိအသင့်စောင့်ဆိုင်းနေတဲ့အပြင် သီလဝါဆိပ်ကမ်းဒေသရှိ ဆိပ်ခံတံတားတွေမှာလည်း သင်္ဘော ၄ စင်း ရောက်ရှိဆိုက်ကပ်ပြီး ဒီဇယ်တန်ချိန် ခုနစ်သောင်းကျော်နဲ့ ဓာတ်ဆီတန်ချိန် တစ်သောင်းတစ်ထောင်ကျော်ကို သိုလှောင်ကန်တွေမှာ ချယူဖြည့်တင်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ထပ်မံဝင်ရောက်လာမယ့် ဆီတင်သင်္ဘောတွေလည်း အစီအစဉ်အတိုင်းဝင်ရောက်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေတဲ့အပြင် တိုင်းဒေသကြီး/ပြည်နယ်တွေကို ပို့ဆောင်မယ့် ဆီဘောက်ဆာယာဉ်တွေ အချိန်မီထွက်ခွာနိုင်ရေးတို့ကိုလည်း ကြီးကြပ်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
အရောင်းဆိုင်တွေမှာ ဆီပြတ်လပ်မှုမရှိစေဖို့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)အပါအဝင်နိုင်ငံတစ်ဝန်းက အရောင်းဆိုင် ၃၀၀၀ ကျော်ကို ဆီတင်ယာဉ် ၁၀၀၀ ကျော်နဲ့ တိုးမြှင့်ဖြန့်ဖြူးပေးနေတယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။ အဲဒါကြောင့် အခုရက်ပိုင်းအတွင်း ယာဉ်တန်းစီးဝယ်ယူမှုတွေ လျော့နည်းကျဆင်းကာ ပုံမှန်ဝယ်ယူမှုအခြေအနေကိုပြန်လည်ရောက်ရှိခဲ့ပြီး ဆက်လက်တိုးမြှင့်ဖြန့်ဖြူးပေးဖို့ စီစဉ်နေတယ်လို့ထုတ်ပြန်ထားပါတယ်။