ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းက မြို့ကြီးတချို့မှာ အောက်တိန်း 92 နဲ့ 95 ဈေးနှုန်းတွေဟာ ဇန်နဝါရီလ ၁၀ ရက် မှာ ဈေးနှုန်းအနည်းငယ် တက်လာတယ်လို့ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရန်ကုန်မြို့ရဲ့ စက်သုံးဆီရည်ညွှန်းလက်လီဈေးဟာဆိုရင် အောက်တိန်း 92 တစ်လီတာကို ၃၀၇၅ ကျပ်၊ အောက် တိန်း 95 တစ်လီတာကို ၃၁၆၀ ကျပ်၊ ဒီဇယ်တစ်လီတာကို ၂၇၁၀ ကျပ်နဲ့ ပရီမီယမ် ဒီဇယ်တစ်လီတာကို ၃၃၄၀ ကျပ် သတ်မှတ်ထားတာဖြစ်ပါတယ်။အခုထုတ်ပြန်တဲ့ ဈေးနှုန်းဟာ ဇန်နဝါရီလ ၉ ရက်နဲ့ နှိုင်းယှဉ်ရင်တော့ အောက်တိန်း 92 တစ်လီတာကို ၉၀ ကျပ်နဲ့ 95 တစ်လီတာကို ၆၅ ကျပ်၊ ဒီဇယ်တစ်လီတာကို ၉၅ ကျပ် ဈေးနှုန်းတက်လာတာဖြစ်ပြီး ပရီမီယမ် ဒီဇယ်ဈေး ကတော့ ၁၁၅ ကျပ် တက်လာပါတယ်။

စက်သုံးဆီဈေးနှုန်း အနည်းငယ်တက်လာတာကြောင့် Taxi ယာဉ်မောင်းတွေအနေနဲ့ ကိုယ်လိုက်နိုင်တဲ့ ဈေးနှုန်းနဲ့ လိုက်ပေမယ့် ခရီးသည်တွေအတွက် အဆင်မပြေရင်တော့ မလိုက်ရဘူးလို့ ရန်ကုန်မြို့မှ အငှားယာဉ်မောင်း တစ်ယောက်ကပြောပါတယ်။ နေပြည်တော်အပါအဝင် အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက မြို့ကြီးတွေရဲ့ စက်သုံးဆီ ရည်ညွှန်းလက်လီ ဈေးတွေကလည်း အရင်နေ့ ပေါက်ဈေးထက် အနည်းငယ် တက်သွားတာကို တွေ့ရပါတယ်။