စက်သုံးဆီမှောင်ခိုဝယ်ယူမှု နဲ့ တန်းစီဝယ်ယူတာတွေ မဖြစ်ဖို့အတွက် စက်သုံးဆီဆိုင်တွေမှာ စမတ်ကတ်နဲ့ ရောင်းချဖို့ စီစဉ်နေတယ်လို့ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
လတ်တလောမှာတော့ စက်သုံးဆီဝယ်ယူခွင့် စမတ်ကတ်နဲ့ ရောင်းချဖို့ စီစဉ်ဆောင်ရွက်နေတာဖြစ်ပြီး မကြာခင်မှာ ပြုလုပ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
စက်သုံးဆီကို စမတ်ကတ်နဲ့ ရောင်းချဖို့ စီစဉ်တာဟာ မှောင်ခိုဈေးကွက်ထဲကို စက်သုံးဆီတွေ အကြိမ်ကြိမ်ထုတ်ယူပြီး ဖြန့်ဖြူးနေတာတွေကို တားဆီးဖို့ နဲ့ ဆီပြတ်လပ်တာ တန်းစီဝယ်ယူတာတွေကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး ဆောင်ရွက်နေတာ ဖြစ်တယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေး ကော်မတီက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
စက်သုံးဆီကို စမတ်ကတ်နဲ့ ရောင်းချမယ်ဆိုရင် ကားတစ်စီးကို တစ်ရက်မှာ တစ်ကြိမ်ပဲ ဝယ်ယူလို့ရမှာ ဖြစ်တယ်လို့ သတင်းထွက်ပေါ်နေပြီး အသေးစိတ်ကိုတော့ မကြာခင်မှာ ထုတ်ပြန်သွားဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။
စက်တင်ဘာ ၃ ရက်အတွက် ရန်ကုန်မြို့ စက်သုံးဆီရည်ညွှန်းဈေးတွေအနေနဲ့ အောက်တိန်း 92 တစ်လီတာ ၃၁၀၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၃၂၄၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာကို ၂၆၅၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီ တာကို ၃၂၉၅ ကျပ် သတ်မှတ်ထားတယ်လို့ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။