စက်သုံးဆီအရောင်းဆိုင်တွေမှာ သိုလှောင်နိုင်တဲ့ပမာဏကို အရင်က အများဆုံးဂါလန် ၇၆၈၀၀ အထိသာ ခွင့်ပြုခဲ့ရာမှာ အခု ဂါလန် ၇၆၈၀၀ ကျော်နဲ့အထက် စတင်သိုလှောင်ဖို့ တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်ပါတယ်။
သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၄၂၊ ပုဒ်မခွဲ (ခ)အရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ဓာတ်ငွေ့ရည် (LPG) ၊ သဘာဝဓာတ်ငွေ့(CNG) အပါအဝင် စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရဲ့ ကနဦးပတ်ဝန်းကျင် ဆန်းစစ်တာ ဒါမှမဟုတ် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ချက်အရ ဂါလန် ၇၆၈၀၀ ကျော်ကနေ စတင်သိုလှောင်နိုင်ဖို့ တိုးမြှင့်ပြင်ဆင် သတ်မှတ်လိုက်တာဖြစ်တယ်လို့ အမိန့်ကြော်ငြာစာအရသိရပါတယ်။
အခုလို သိုလှောင်နိုင်တဲ့ပမာဏကို တိုးမြှင့်သတ်မှတ်ပေးလိုက်တာဟာ လုပ်ငန်းရှင်တွေရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချတဲ့အနေနဲ့ဆောင်ရွက်ပေးတာဖြစ်တယ်လို့လည်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။