အခု ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်မှာ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းက ၁၃ ဒသမ ၆၅ ရာခိုင်နှုန်းရှိနိုင်တယ်လို့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းမှာ ခန့်မှန်းထားပါတယ်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ နှစ်က ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းဟာ ၂၁ ဒသမ ၂ ရာခိုင်နှုန်းဖြစ်နိုင်တယ်လို့ ခန့်မှန်းခဲ့တာကြောင့် မနှစ် ကနဲ့ နှိုင်းယှဉ်ရင် အခုဘဏ္ဍာနှစ်မှာ ငွေကြေးဖောင်းပွမှုနှုန်းက ကျဆင်းသွားနိုင်တယ်လို့ ခန့်မှန်းချက်အရ သိရပါတယ်။

ဒါ့အပြင် အခုဘဏ္ဍာနှစ်အတွက် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုး(GDP)က ငွေကျပ် ဘီလီယံ ၁ သိန်းခွဲကျော် ရရှိဖို့ ခန့်မှန်းထားပြီး စီးပွားရေးတိုးတက်မှုနှုန်းက ၃ ဒသမ ၈ ရာခိုင်နှုန်း တိုးတက် ဖို့လည်း ခန့်မှန်းထားပါတယ်။မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်းအနေနဲ့ လယ်ယာကဏ္ဍမှာ ၁ ဒသမ ၉ ရာခိုင်နှုန်း ၊ စက်မှုကဏ္ဍမှာ ၃ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ဝန်ဆောင်မှုကဏ္ဍမှာ ၅ ရာခိုင်နှုန်းတိုးတက်ဖို့ ခန့်မှန်းထားတယ်လို့ ဖော်ပြထားပါတယ်။

အခုဘဏ္ဍာနှစ် ဧပြီလကနေ စက်တင်ဘာလအထိ ပထမ ၆ လအတွင်း စီးပွားရေးတိုးတက်မှုနှုန်းက ၂ ဒသမ ၄ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်က ပြောကြားထားပါတယ်။