မန္တလေးငလျင်ကြီးကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း ပြိုကျပျက်စီးသွားတဲ့ အဆောက်အဦတွေရဲ့ မီတာ တွေကို မီတာခ ကောက်ခံတာ မရှိသလို မီတာဘေ ထွက်ရှိထားတာတွေ မရှိဘူးလို့ မန္တလေး လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးတင်အောင်က ပြောပါတယ်၊၊

ငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်ဓာတ်အားခွဲရုံတွေ၊ ဓာတ်အားလိုင်း တွေနဲ့ လျှပ်စစ်မီတာ ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်၊၊လက်ရှိမှာ ပြိုကျပျက်စီးသွားတဲ့ အဆောက်အဦတွေက မီတာတွေကို စာရင်းကောက်ယူတာနဲ့ မီတာဘေ ထွက်ရှိ တာတွေ မရှိဘဲ စာရင်းမှတ်ထားတဲ့ အနေအထားမှာရှိနေပြီး အဲဒီမီတာတွေကို ရပ်ဆိုင်းထားတယ်လို့လည်း ဦးတင်အောင်က ပြောပါတယ်၊၊

မန္တလေးတိုင်းဒေသကြီးအတွင်းမှာ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းကနေ မီတာအလုံးရေ ၁၂ သိန်းနီးပါး တပ်ဆင်ထားပြီး လျှပ်စစ်ဓာတ်အား ရယူထားရာ မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် မီတာ အလုံးရေ ၆၀၀၀ ကျော် ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။လျှပ်စစ်မီး သုံးစွဲသူတွေအနေနဲ့လည်း မိမိတို့အိမ်၊ အဆောက်အဦတွေမှာ တပ်ဆင်ထားတဲ့ မီတာတွေ ငလျင် ဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့အထဲမှာ ပါရှိတယ်ဆိုရင် မိမိတို့သက်ဆိုင်ရာ မြို့နယ်တွေမှာ အကြောင်းကြား ပေးဖို့ အသိပေးထားတယ်လို့ သိရပါတယ်၊၊