ဂျပန်ကုမ္ပဏီ ၃၀၀ ကျော်က မြန်မာလုပ်သား ၁၁၀၀ ကျော် ခေါ်ယူဖို့အတွက် အလုပ်ကမ်းလှမ်းစာတွေ ပေးပို့ ထားတယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဖေဖော်ဝါရီလ ၁၅ ရက်က ထုတ်ပြန်ထားပါတယ်။

ဂျပန်ကုမ္ပဏီ ၃၂၅ ခုက မြန်မာ အလုပ်သမား အမျိုးသား ၂၇၃ ယောက်၊ အမျိုးသမီး ၈၇၃ ယောက် စုစုပေါင်း ၁၁၄၆ ယောက် ခေါ်ယူသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။တိုကျိုမြို့ရှိ မြန်မာသံရုံးအနေနဲ့ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနက ပေးပို့လာတဲ့ အလုပ်ကမ်းလှမ်းစာတွေကို စိစစ်ဆောင်ရွက်ပေးနေပါတယ်။ အဲဒီလို ဆောင်ရွက်ရာမှာ ဂျပန်နိုင်ငံက အလုပ်သမား ကြီးကြပ်ရေးကုမ္ပဏီနဲ့ အလုပ်ခေါ်ယူတဲ့ စက်ရုံ၊ ကုမ္ပဏီတွေဟာ ဂျပန်နိုင်ငံမှာ တရားဝင် တည်ထောင်ထားတာ ရှိမရှိ၊ စာရွက်စာတမ်းအထောက်အထားတွေ စိစစ်ပြီး တွေ့ရှိရတဲ့ စိစစ်တွေ့ရှိချက်တွေ၊ သဘောထားမှတ်ချက်တွေကို နိုင်ငံခြားရေးဝန်ကြီးဌာနကတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနကို ပြန်လည်ပေးပို့ နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်ကလည်း ဂျပန်ကုမ္ပဏီ ၄၅၀ ကျော်က မြန်မာအလုပ်သမား အမျိုးသား ၃၁၀ ကျော်၊ အမျိုးသမီး ၁၁၀၀ ကျော် စုစုပေါင်း အလုပ်သမားဦးရေ ၁၅၀၀ ကျော် ခေါ်ယူဖို့ အလုပ်ကမ်းလှမ်းစာတွေ ပေးပို့ခဲ့ပါတယ်။