ရှမ်းပြည်နယ်အတွင်း ဂန္ဓမာပန်းမျိုးစိတ်(Marigold)ရဲ့ အမှုန့်တွေ ထုတ်လုပ်တင်ပို့တဲ့လုပ်ငန်း ဆောင် ရွက်ခွင့်ပြုဖို့ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီကို လျှောက်ထားတင်ပြထားတယ်လို့ သိရပါတယ်။အဲဒီလုပ်ငန်းကို Myanmar Pureplant Extracts Company Limited က တိရစ္ဆာန်အစာအတွက်သုံးတဲ့ ဂန္ဓမာပန်းမျိုးစိတ်အမှုန့်တွေကို ထုတ်လုပ်တာနဲ့ တင်ပို့တဲ့လုပ်ငန်းတွေကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ဒီလုပ်ငန်းရဲ့ မတည်ရင်းနှီးမှုပမာဏက အမေရိကန် ဒေါ်လာ ၂ ဒသမ ၀၂၇ သန်း ဖြစ်ပြီး ပြည်ပလုပ်သား ၁၀ ဦးနဲ့ ဒေသတွင်းလုပ်သား ၁၈၅ ဦးကို အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မှာပါ။ရှမ်းပြည်နယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့၊ နည်းပညာတွေ ရရှိဖို့၊ ကုန်သွယ် မှု တိုးပွားစေဖို့နဲ့ ငွေကြေးအရင်းအနှီးတွေ ရရှိဖို့အတွက် ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ရမှာဖြစ်ပြီး ပြည်နယ်အတွင်းရောက်ရှိပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ပြန်လည်ဆုတ်ခွာမသွားဖို့ အရေးကြီးတယ်လို့ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပြောကြားထားပါ တယ်။

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအနေနဲ့ လက်ရှိအချိန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၇ ခု ၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၁၆၃ သန်းနဲ့ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၈ ခု ၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၇ သန်းကျော် အပါအဝင် ကျပ်သန်း ၄၆ ဘီလီယံကျော် ခွင့်ပြုပေးထားပြီး ပြည်တွင်းလုပ်သား ၁၅၁၃ ဦးနဲ့ ပြည်ပလုပ်သား ၆၈ ဦးကို အလုပ် အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးထားတယ်လို့ သိရပါတယ်။