အကောင်းဆုံးလေဆိပ်အဖြစ် သတ်မှတ်ခံထားရတဲ့ စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်မှာ ဇန်နဝါရီကနေ မတ်လ အတွင်း ဝင်ရောက်သူ ခရီးသည်ဦးရေ ၁၇ ဒသမ ၂ သန်းကျော်ရှိတယ်လို့ VN Express သတင်းမှာ ဖော်ပြထား ပါတယ်။

၂၀၁၉ ခုနှစ် ကိုဗစ်မတိုင်ခင်ကာလနဲ့နှိုင်းယှဉ်ရင် ပထမသုံးလပတ်အတွင်း ခရီးသည်ဝင်ရောက်မှု ၅ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ ရောက်လာကြသူတွေထဲမှာ တရုတ်နိုင်ငံက အများဆုံးဖြစ်ပြီး သူ့နောက်မှာတော့ အင်ဒိုနီးရှား၊ မလေးရှား၊ သြစတြေးလျနဲ့ ထိုင်းတို့ ရှိနေတာဖြစ်ပါတယ်။ ဒီလို ခရီးသွား ဝင်ရောက်မှု မြင့်တက်လာတာဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလတုန်းက စင်ကာပူနဲ့ တရုတ်တို့အကြား ရက် ၃၀ ဗီဇာကင်းလွတ်ခွင့် အပြန်အလှန်ပေးထားတဲ့ သဘောတူညီမှုကြောင့် ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ခန်မှန်းကြပါတယ်။

ချန်ဂီလေဆိပ်ဟာ အဆင့်မြင့်နည်းပညာတွေ ဆန်းသစ်တီထွင်မှုတွေကြောင့် နာမည်ကြီးပြီး အလိုလျောက် စာရင်းသွင်းတာနဲ့လူဝင်မှုကြီး ကြပ်ရေး လုပ်ငန်းစဉ်တွေအတွက် ကိုယ်ပိုင်ဝိသေသလက္ခဏာတွေနဲ့ အတည်ပြုတာတွေကို လုပ်ဆောင်နိုင်ပါတယ်။မကြာသေးခင်ကာလတုန်းက ချန်ဂီလေဆိပ်ဟာ လေဆိပ်တွေထဲမှာ ပတ်စပို့မလိုတဲ့ လူဝင်မှုကြီးကြပ်ရေး ဖြတ်သန်းခွင့်ကို မိတ်ဆက်ခဲ့တဲ့ ပထမဆုံးလေဆိပ်တွေထဲမှာ ပါဝင်ပြီး ခရီးသည်တွေအနေနဲ့ ၁၀ စက္ကန့်အတွင်းမှာ လူဝင်မှုကြီးကြပ်ရေးကို ဖြတ်သန်းနိုင်တော့မှာ ဖြစ်ပါတယ်။