လုပ်သားအရေအတွက် ထိန်းချုပ်နိုင်ဖို့အတွက် အခုနှစ်ကုန်ပိုင်းကစပြီး ကျွမ်းကျင်လုပ်သားတွေကိုပဲ ပြည်ပနိုင်ငံ တွေမှာ သွားရောက်အလုပ်လုပ်ကိုင်ခွင့် ပြုတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတယ်လို့ ပြည်ပ အလုပ် အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင် အသိုင်းအဝိုင်းကနေ သိရပါတယ်။ အဲဒီသတင်းနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနတွေဆီကနေ တရားဝင် အမိန့်ညွှန်ကြားချက် တစ်စုံတစ်ရာ ထုတ်ပြန်ချက်မျိုးတော့ မရှိသေးဘူးလို့ ဆိုပါတယ်။

ပြည်ပနိုင်ငံက လုပ်သားတွေခေါ်ယူရာမှာ ကျွမ်းကျင်လုပ်သားနဲ့ အလုပ်သင်လုပ်သားဆိုပြီး ခွဲခြားခေါ်ယူတဲ့ နိုင်ငံမျိုးရှိသလို သတ်မှတ်ချက်မရှိဘဲ အခြေခံလုပ်သားတွေ ခေါ်ယူတဲ့ နိုင်ငံတွေလည်း ရှိတယ်လို့ သိရပါတယ်။ပြည်ပကို အခြေခံလုပ်သားစေလွှတ်မှုထက် ကျွမ်းကျင်လုပ်သားတွေကိုသာ စေလွှတ်နိုင်မယ်ဆိုရင် ရွှေ့ပြောင်း မြန်မာလုပ်သားတွေအတွက် လစာအခွင့်အရေးတွေ ပိုရလာနိုင်မယ်လို့ Silver Crane ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းစည်သူက သုံးသပ်ပြောကြားပါတယ်။

အခုနှစ်ပိုင်းမှာ ပြည်တွင်းကလူငယ်အများစုဟာ လစာဝင်ငွေပိုရတဲ့ ပြည်ပနိုင်ငံတွေကို သွားရောက် အလုပ်လုပ် ကိုင်တာ ပိုများလာပါတယ်။ မြန်မာနိုင်ငံက အလုပ်သမားအများစုဟာ ကျွမ်းကျင်လုပ်သားအဆင့် သတ်မှတ်ချက် မရှိဘဲ အခြေခံလုပ်သားအများဆုံးခေါ်တဲ့ ထိုင်းနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေကို သွားရောက်လုပ်ကိုင်မှု များနေ သလို ဂျပန်နဲ့ ကိုရီးယားနိုင်ငံတွေကိုလည်း သွားရောက်အလုပ်လုပ်ကိုင်သူတွေ များပြားလာတယ်လို့ ပြည်ပ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေဆီကနေ သိရပါတယ်။