ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းအကောင်အထည်ဖော်နိုင်ရေးအတွက် ဆောင်ရွက်ရမယ့်လုပ်ငန်းတွေကို Timelineချမှတ်ပြီး ကြိုးစားဆောင်ရွက်နေတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောပါတယ်။ဖေဖော်ဝါရီ၂၈ရက်က နေပြည်တော်မှာပြုလုပ်တဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း ဆောင်ရွက်နိုင်ရေးအတွက် မြန်မာဘက်နဲ့ CITCဘက်မှ နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမယ့်အချက်တွေနဲ့ စပ်လျဉ်းတဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ အခုလိုပြောကြားလိုက်တာပါ။

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းဟာ မြန်မာနိုင်ငံအတွက် အရေးကြီးသလို တရုတ်နိုင်ငံအတွက်လည်း မဟာဗျူဟာကျတဲ့ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းကို အကောင်အထည်ဖော်ခြင်းဖြစ်တယ်လို့ ဦးထွန်းအုံက ပြောပါတယ်။မြန်မာနဲ့ တရုတ်နိုင်ငံတို့အကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်း စောလျင်စွာ စတင်နိုင်ရေးအတွက် ရေးဆွဲထားတဲ့ Development Planကို ခေတ်စနစ်နဲ့အညီ ကောင်းမွန်စေဖို့ ရေးဆွဲသင့်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းကို တရုတ်နိုင်ငံ CITC Groupနဲ့ လုပ်ငန်းလုပ်ကိုင်ခွင့်သဘောတူစာချုပ်ကို ၂၀၂၀ပြည့်နှစ်မှာ ချုပ်ဆိုခဲ့ပြီး နောက်ဆက်တွဲစာချုပ်ကို ၂၀၂၃ခုနှစ် ဒီဇင်ဘာလမှာ လက်မှတ်ရေးထိုးခဲ့ကာ Long Stop Dateကို ၁၈လ သက်တမ်းတိုးပေးခဲ့တာဖြစ်ပါတယ်။