ကျပ်နှစ်သောင်းတန်ငွေစက္ကူအသစ်တွေကို ပြည်သူလူထုအကြား ဖြန့်ဝေသွားဖို့ မရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဖြေကြားထားပါတယ်။
လက်ရှိမှာတော့ ပြည်သူလူထုအကြား ကျပ်နှစ်သောင်းတန်ငွေစက္ကူအသစ်တွေ ပြည်သူတွေအကြားမှာ ပမာဏများစွာနဲ့ လည်ပတ်သုံးစွဲနေကြောင်း သတင်းတွေထွက်ပေါ်နေတဲ့အပေါ်မေးမြန်းရာမှာပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
ကျပ်နှစ်သောင်းတန်ငွေစက္ကူအသစ်တွေကိုတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်ကစတင်ကာ အကန့်အသတ်နဲ့ စတင်ထုတ်ဝေလိုက်တာဖြစ်ပြီး အများပြည်သူကို ဟောင်းနွမ်းငွေစက္ကူတွေနဲ့ လဲလှယ်ပေးနေတာဖြစ်ပါတယ်။
ကျပ်နှစ်သောင်းတန် ငွေစက္ကူအမျိုးအစားအသစ်ကို လဲလှယ်ပေးတာကတော့ ဟောင်းနွမ်းငွေစက္ကူ ကျပ် ၁၀ သိန်းမှ ကျပ်သိန်း ၃၀ အထိဆိုရင် ကျပ်နှစ်သောင်းတန် ၁ ရွက်၊ ကျပ်သိန်း ၃၀ အထက်မှ ကျပ်သိန်း ၆၀ အထိဆိုရင် ကျပ်နှစ်သောင်းတန် ၂ ရွက်နဲ့ ကျပ်သိန်း ၆၀ အထက်မှ ကျပ်သိန်း ၁၀၀ အထိဆိုရင် ကျပ်နှစ်သောင်းတန် ၃ ရွက် ထည့်သွင်းလဲလှယ်ပေးနေတယ်လို့လည်းသိရပါတယ်။
ဒါ့အပြင် ငွေကျပ်၂၀၀၀၀တန် ငွေစက္ကူမှာ အလုံးအရင်းနဲ့ထုတ်တဲ့ ငွေစက္ကူမဟုတ်ဘဲ အထိမ်းအမှတ်အနေနဲ့ အကန့်အသတ်နဲ့သာ ထုတ်ဝေတဲ့ ငွေစက္ကူဖြစ်တာကြောင့် ငွေရေးကြေးရေးစျေးကွက်ထဲမှာ ငွေစက္ကူ အသစ် ကျပ်၂၀၀၀၀ တန်တွေ အလုံးအရင်းနဲ့ ဝင်လာမှာမဟုတ်ဘူးလို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားပါတယ်။