စီးပွားရေးကမောက်ကမဖြစ်စေဖို့ ရည်ရွယ်ချက်တွေနဲ့ ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေနေတယ်ဆိုပြီး ကောလာဟလ ရေးသားထုတ်လွှင့်သူတွေကို စိစစ်ဖော်ထုတ်အရေးယူသွားမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ဖြေကြားချက်အရ သိရပါတယ်။ လူမှုကွန်ရက်စာမျက်နှာ Facebook Group တစ်ခုမှာ ငွေကြေးဈေးကွက်အတွင်း ကို ကျပ်နှစ်သောင်းတန် ထုတ်ဝေနေတယ်ဆိုပြီး ရေးသားဖော်ပြမှုနဲ့ ပတ်သက်လို့ ဗဟိုဘဏ်က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့တာပါ။

အခုလို ကျပ်နှစ်သောင်းတန်နဲ့ ပတ်သက်ပြီး ကုန်ပစ္စည်းတွေ ဈေးကစားဖို့၊ ဒေါ်လာအပါအဝင် နိုင်ငံခြားငွေတွေကို ဈေးကစားဖို့၊ တည်ငြိမ်နေတဲ့ ငွေကြေးဈေးကွက်နဲ့ ရွှေဈေးကွက်တွေ ပျက်ပြားစေဖို့နဲ့ နိုင်ငံတော်ရဲ့ စီးပွားရေး ကမောက်က မဖြစ်စေဖို့ ရည်ရွယ်ချက်တွေနဲ့ ပြည်သူလူထုအကြား ကောလာဟလသတင်းတွေ ထုတ်လွှင့်နေတာ ဖြစ်တယ်လို့ ဗဟိုဘဏ်ရဲ့ ဖြေကြားချက်အရ သိရပါတယ်။

အခုကာလဟာ နိုင်ငံခြားငွေဈေးနဲ့ ပတ်သက်လို့ နှစ်စဉ်ကောလာဟလထုတ်လွှင့်ပြီး ဈေးကစားတတ်တဲ့ အချိန်ဖြစ် တာကို အများပြည်သူ သိရှိပြီးဖြစ်သလို သတင်းမှန်တွေကိုလည်း အကြိမ်ကြိမ်ထုတ်ပြန်ပြီး ဖြစ်ပါတယ်။ဒါ့ကြောင့် ဗဟိုဘဏ်အနေနဲ့ ရည်ရွယ်ချက်ရှိရှိ ကောလာဟလထုတ်လွှင့်သူတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပူးပေါင်း ပြီး စိစစ်ဖော်ထုတ်အရေးယူနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ အသိပေးထားပါတယ်။

ကျပ်နှစ်သောင်းတန်ငွေစက္ကူအသစ်တွေကိုတော့ ၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်က စတင်ကာ အထိမ်းအမှတ်အဖြစ် အကန့်အသတ်နဲ့သာ စတင်ထုတ်ဝေခဲ့တာဖြစ်ပြီး ပြည်သူလူထုအကြား သုံးစွဲနိုင်ဖို့ ဖြန့်ဝေသွားဖို့ မရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဖြေကြားထားပြီး ဖြစ်ပါတယ်။