နိုင်ငံတော်ရဲ့စီးပွားရေးပိုမိုတိုးတက်စေရေး မောင်းနှင်အားတစ်ခုအဖြစ် အသစ်ဖွဲ့စည်းထားတဲ့ ကော်မရှင်တွေ အနေနဲ့ လိုအပ်တဲ့အသုံးစရိတ်တွေကို တိုးမြှင့်သုံးစွဲကြမယ့် အနေအထားရှိတယ်လို့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌနိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီ ဒုတိယဥက္ကဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။

နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမမှာ မတ်လ(၅)ရက်က ကျင်းပတဲ့ (၂၀၂၅-၂၀၂၆)ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများ စိစစ်ခြင်းဆိုင်ရာ ညှိနှိုင်း အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။နိုင်ငံတော်ရဲ့စီးပွားရေးပိုမိုတိုးတက်စေရေးအတွက် နိုင်ငံတော်ဝန်ကြီးချုပ်က ဖွဲ့စည်းပေးလိုက်တဲ့ စက်မှုဖွံ့ဖြိုးရေး ကော်မရှင်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်နဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေး ဖွံ့ဖြိုးရေးကော်မရှင်(၃)ခုတို့ဟာ ဝန်ကြီးဌာတွေနဲ့အတူ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတွေကို ဆောင်ရွက်ကြမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တစ်ဖက်ကလည်း သုံးစွဲဖို့မလိုတဲ့ ရငွေတွေကို အဲဒီကော်မရှင်နဲ့ဆက်စပ်နေတဲ့ဝန်ကြီးဌာနတွေကို လိုအပ် ချက်အရ ခွင့်ပြုပေးခြင်းအားဖြင့် ဂျီဒီပီဘက်မှာ တိုးတက်လာမှာဖြစ်သလို ရငွေပိုင်းမှာလည်းတိုးတက်လာမယ်လို့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောပါတယ်။(၂၀၂၅-၂၀၂၆)ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်း လျာထားမှုအပေါ် တွက်ချက်ခဲ့ပြီး ရလဒ်အပေါ် လိုငွေနဲ့ နှိုင်းယှဉ် ချက်အရ လိုငွေနဲ့ ဂျီဒီပီအချိုးမှာ ၄ ဒသမ ၇၄ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ လိုငွေနဲ့ဂျီဒီပီ အချိုး (၅)ရာခိုင်းနှုန်းထက် မပိုတဲ့ငွေပမာဏကို အသစ်ဖွဲ့စည်းပေးထားတဲ့ကော်မရှင်(၃)ရပ်နဲ့ ဆက်စပ်နေတဲ့ ဝန်ကြီးဌာနတွေ၊ အခြားသော မဖြစ်မနေ ပံ့ပိုးထောက်ပံ့ရမဲ့ ခေါင်းစဉ်တွေကို ရန်ပုံငွေလိုအပ်ချက်အပေါ်မှုတည်ပြီး ထပ်မံပံ့ပိုးပေးနိုင်မှာဖြစ်တယ်လို့လည်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခဲ့ပါတယ်။