ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးတင်းမာမှုတွေကြောင့် Bitcoin ဈေးနှုန်း အနည်းငယ်ကျဆင်းခဲ့ကြောင်း US News မှာ ရေးသားထားပါတယ်။ Bitcoin ဈေးနှုန်းဟာ တနင်္လာနေ့ မနက်အစောပိုင်းမှာ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၉၆၆၀၆ ဒေါ်လာ ဈေးနှုန်းအောက် ရောက်ရှိသွားတာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း cryptocurrency ငွေကြေးတစ်မျိုးဖြစ်တဲ့ ether ဈေးနှုန်းကလည်း ၁၂ ရာခိုင်နှုန်းဝန်းကျင် ကျဆင်းသွားပြီး ဒါဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအစောပိုင်းတုန်းက ကျဆင်းခဲ့တဲ့ ပမာဏကို ပြန်လည်ရောက်ရှိသွားပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က မက္ကဆီကိုနဲ့ ကနေဒါ သွင်းကုန်အများစုအပေါ် အခွန် ၂၅ ရာခိုင်နှုန်းနဲ့ တရုတ်နိုင်ငံက ကုန်ပစ္စည်းတွေအပေါ် ၁၀ ရာခိုင်နှုန်း စတင်ကောက်ခံမယ်လို့ ကြေညာချက်တွေကြောင့် Bitcoin ဈေးနှုန်း ကျဆင်းလာတာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာဘဲ ထရမ့် အာဏာရလာကတည်းက crypto ကဏ္ဍကို မြှင့်တင်ဖို့ ဒါမှမဟုတ် စည်းမျဉ်းတွေ ဖြေလျှော့ဖို့ လုပ်ဆောင်မယ်လို့ ကတိပြုထားပေမယ့် အခုလို Bitcoin ဈေးနှုန်းတွေ ကျဆင်းလာတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေက အလွန်စိတ်ပျက်မိကြောင်း ပြောဆိုတာတွေလည်း ရှိနေပါတယ်။