အခု ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ်မှာ သွင်းကုန်တန်ဖိုးထက် ပို့ကုန်တန်ဖိုးပိုများဖို့ ခန့်မှန်းထားတာကြောင့် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ရှိမယ်လို့ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ် အရအသုံး ခန့်မှန်း ခြေငွေစာရင်းဆိုင်ရာအချက်အလက်မှာ ခန့်မှန်းထားပါတယ်။အခုဘဏ္ဍာနှစ်အတွက် ပြည်ပပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၇ ဘီလီယံ ရရှိဖို့ ခန့်မှန်းထားပြီး သွင်းကုန်တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၃ဘီလီယံ ရရှိမယ်လို့ ခန့်မှန်းထားတာပါ။

အခုဘဏ္ဍာနှစ် ဧပြီလကနေ နိုဝင်ဘာလအထိ ၈ လအတွင်း ပို့ကုန်လျာထားချက်ရဲ့ ၆၀ ရာခိုင်နှုန်း ဆောင်ရွက်နိုင် ခဲ့တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။ပြီးခဲ့တဲ့ ၂၀၂၃- ၂၀၂၄ မှာကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ရှိမယ်လို့ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် အရအသုံး ခန့်မှန်းခြေငွေစာရင်းဆိုင်ရာအချက်အလက်မှာ ခန့်မှန်းခဲ့ပါတယ်။ပြည်ပကို ပဲမျိုးစုံ ၊ နှမ်း ၊ မြေပဲ ၊ ရာဘာစိမ်း ၊ ကြက်သွန်နီအပါအဝင် အခြားစားဖိုဆောင်သီးနှံတွေနဲ့ လယ်ယာ ထွက်ကုန်ပစ္စည်း ၊ ရေထွက်ကုန်ပစ္စည်းတွေအများဆုံးတင်ပို့နေပြီး စက်မှုကဏ္ဍ ထုတ်ကုန်တွေဖြစ်တဲ့ သစ်ပါး လွှာနဲ့ အထပ်သား ၊ သစ်အချောထည်ထုတ်ကုန် ၊ ချုပ်ပြီးအထည် ၊ သကြားနဲ့ အခြားစက်မှုကုန်ချော ထုတ်ကုန် တွေကိုလည်း တင်ပို့နေတယ်လို့ သိရပါတယ်။

သွင်းကုန်အနေနဲ့ ပြည်ပကနေ ရင်းနှီးမြှုပ်နှံကုန်ပစ္စည်း ၊ လုပ်ငန်းသုံးကုန်ကြမ်း ၊ CMP နဲ့ လူသုံးကုန်ပစ္စည်းတွေ တင်သွင်းနေပါတယ်။လက်ရှိ ပြည်ပကို ပို့ကုန်တင်ပို့ရာမှာ ပင်လယ်ရေကြောင်း ၊ နယ်စပ်ကုန်သွယ်ရေးစခန်းတွေအပြင် လေကြောင်း လိုင်းတွေကတစ်ဆင့် တင်ပို့နေပြီး ထိုင်း၊ တရုတ်၊ ဂျပန်၊ အိန္ဒိယအပါအဝင် ပြည်ပနိုင်ငံပေါင်း ၁၀၀ ကျော်ကို ပို့ကုန်တွေ တင်ပို့နေတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေသိရပါတယ်။