ကိုဗစ်-၁၉ ရန်ပုံငွေကနေ ထုတ်ချေးထားတဲ့ ချေးငွေသက်တမ်း သုံးနှစ်ကျော်လွန်ပြီး ချေးငွေအရင်းအတိုးတွေ ပြန်လည် ပေးဆပ်ဖို့ ကျန်ရှိနေတဲ့ ကုမ္ပဏီ/လုပ်ငန်းတွေကို ချေးငွေသက်တမ်းတိုးမြှင့်ပေးဖို့ အစီအစဉ် မရှိတော့ ကြောင်း ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ပြောပါတယ်။
ဇူလိုင် ၂၄ ရက်၊ မနက်ပိုင်းက နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီအစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

နိုင်ငံတော်ရဲ့ လှည့်ပတ်ရန်ပုံငွေကနေ ငွေကျပ် ဘီလီယံ ၅၀ နဲ့ အထွေထွေပိုလျှံရန်ပုံငွေကနေ ထုတ်ပေးထားတဲ့ ငွေကျပ် ဘီလီယံ ၅၀ စုစုပေါင်း ဘီလီယံ ၁၀၀ ကို ပြန်လည်ကောက်ခံခဲ့ပြီး ၂၀၂၄ ခုနှစ် ဇွန်လနဲ့ဇူလိုင်လအတွင်း ချေးငွေ ပြန်လည်ပေးဆပ်မှု တိုးတက်လာခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ပြောပါတယ်။
ဒါ့အပြင်ကိုဗစ်-၁၉ ရန်ပုံငွေကနေ ငါး၊ ပုစွန် မွေမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍကို ထုတ်ပေးထားတဲ့ ချေးငွေတွေနဲ့ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနဲ့ မီဒီယာကဏ္ဍကို ထုတ်ပေးထားတဲ့ ချေးငွေတွေ အချိန်စေ့ရောက်တော့မှာ ဖြစ်တဲ့အတွက် ကြိုတင်ညှိနှိုင်းဆောင်ရွက်ထားဖို့ လိုအပ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။