ဂျပန်ကားထုတ်လုပ်ရေးကုမ္ပဏီ Nissan က ကမ္ဘာတစ်ဝန်းမှာရှိတဲ့ သူ့ရဲ့ စက်ရုံတွေကို တရုတ်အခြေစိုက် ဒေါင်းဖန်(မ်) (Dongfeng) Motor Corporation နဲ့ မျှဝေပူးပေါင်းလုပ်ကိုင်ဖို့ စီစဉ်နေတယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြပါတယ်။ပြီးခဲ့တဲ့လပိုင်းတွေအတွင်းမှာ လုပ်ငန်းယိမ်းယိုင်လာတဲ့ Nissan ဟာ သူ့ရဲ့ မိတ်ဖက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ ဒေါင်းဖန်(မ်)နဲ့ ပိုပူးပေါင်းဖို့ မဟာဗျူဟာ အပြောင်းအလဲတွေ ဆောင်ရွက်လာတာပါ။

Nissan ဟာ ဗြိတိန်မှာရှိတဲ့ ဆန်းဒါးလန်းစက်ရုံလို နိုင်ငံရပ်ခြားက သူ့ရဲ့ စက်ရုံတွေမှာ ဒေါင်းဖန်(မ်)ကို ကားထုတ်လုပ်ခွင့်ပြုဖို့ စီစဉ်နေတာပါ။ဒီအစီအစဉ်ဟာ Nissan အနေနဲ့ ဒေါင်းဖန်(မ်)ကို သူ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ကားထုတ်လုပ်မှုဂေဟစနစ်မှာ ပေါင်းစပ် ပါဝင်စေပြီး ကုမ္ပဏီနှစ်ခုလုံးအနေနဲ့လည်း အဆောက်အဦတွေနဲ့ အရင်းအမြစ်တွေကို ပိုမိုထိရောက်အောင် မျှဝေ နိုင်စေမယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံခန့် အရှုံးပေါ်ခဲ့တဲ့ Nissan ဟာ သိသာ ထင်ရှားတဲ့ ပြန်လည်ဖွဲ့စည်းမှုတွေ လုပ်ဆောင်နေပါတယ်။

ကုမ္ပဏီအနေနဲ့ အလုပ်အကိုင်ပေါင်း ၂ သောင်း လောက်ကို လျှော့ချခဲ့ရသလို ကမ္ဘာတစ်ဝန်းက စက်ရုံ ၁၇ ရုံထဲကနေ ၇ ရုံကိုပါ ပိတ်ပစ်ခဲ့ရပါတယ်။ Nissan နဲ့ ဒေါင်းဖန်(မ်)တို့ဟာ နှစ်ပေါင်း ၂၀ လောက် မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး လက်ရှိမှာလည်း တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ကားထုတ်လုပ်မှုတွေကို ပူးတွဲလုပ်ကိုင်နေပါတယ်။ ပြိုင်ဆိုင်မှု ပြင်းထန်လာတာနဲ့ ဈေးနှုန်း ကျဆင်းလာတာတွေကြောင့် Nissan ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ရုန်းကန်ရတဲ့အခြေအနေ ဖြစ်လာတာပါ။