စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတွေဟာ ခြောက်လအတွင်းမှာ ၃၅ ရာခိုင်နှုန်းလောက် မြင့်တက် လာပါတယ်။စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဖော်ပြထားတဲ့စာရင်းတွေအရ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးဟာ တစ်ပိဿာကို ကျပ် ၅၃၈၅ ကျပ် သာ ရှိခဲ့တာပါ။

အဲဒီနောက် စားအုန်းဆီလက်ကားရည်ညွှန်းဈေးနှုန်းဟာ တဖြည်းဖြည်းမြင့်တက်လာခဲ့ပြီး စက်တင်ဘာလ ထဲမှာ တစ်ပိဿာကို ကျပ် ၆၇၀၀ ကျော် ဈေးတန်းကိုရောက်ရှိခဲ့ပါတယ်။အဲ့ဒီလိုဆက်လက်မြင့်တက်ခဲ့ရာကနေ ဒီဇင်ဘာလထဲမှာတော့ တစ်ပိဿာ ကျပ် ၇ ထောင်ကျော်အထိ ပေါက်ဈေးရှိလာတာ ဖြစ်ပါတယ်။ဒီဇင်ဘာလ ၂၃ ရက်နေ့ ကနေ ဒီဇင်ဘာလ ၃၀ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးက တစ်ပိဿာကို ကျပ် ၇၂၈၀ သတ်မှတ်ထားပါတယ်။

လက်လီဈေးကွက်ထဲမှာတော့ စားအုန်းဆီတစ်ပိဿာ ကျပ် တစ်သောင်းဝန်းပေါက်ဈေး ရှိနေပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အိမ်ထောင်စုတွေအတွက် တစ်လကို စားအုန်းဆီ ၂ ပိဿာ ၇၅ ကျပ်သား ဆက်သွယ်ဝယ်ယူခွင့်ပြုထားပြီး Door to Door စနစ်နဲ့လည်း စားသုံးသူ တွေဆီ ဖြန့်ဖြူးရောင်းချနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက်ဖြန့်ဖြူးရောင်းချရေး ကော်မတီက သိရပါတယ်။