ဥရောပစတော့ရှယ်ယာ အညွှန်းကိန်းတွေဟာ တနင်္လာနေ့က မြင့်တက်ခဲ့ပြီး အပြုသဘောဆောင်တဲ့ လက္ခဏာနဲ့ ဒီတစ်ပတ်တာအတွက် အရောင်းအဝယ်ကာလကို စတင်ခဲ့တယ်လို့ ရိုက်တာသတင်းတစ်ရပ်က ဖော်ပြပါတယ်။
ဈေးကွက်တွေထဲမှာ ရင်းနှီးမြှုပ်နှံသူတွေဟာ အမေရိကန် ဗဟိုဘဏ်ရဲ့ ငွေဖောင်းပွမှုနှုန်းကို ပြသမယ့် အစီရင်ခံစာ တွေနဲ့ အမေရိကန်ရဲ့ ငွေကြေးမှုဝါဒလမ်းကြောင်းကို တိုင်းတာဖို့ အချက်အလက်တွေကို စောင့်ကြည့်ပြီး ကြိုတင် ပြင်ဆင်နေကြတဲ့အချိန်မှာ ဥရောပရဲ့ စတော့ရှယ်ယာ အညွှန်းကိန်းတွေဟာ တနင်္လာနေ့က မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ဗဟိုဘဏ်က စက်တင်ဘာလမှာ အတိုးနှုန်းတွေကို အခြေခံအမှတ် ၂၅ မှတ် လျှော့ချဖွယ် ရှိတယ်လို့ စတော့ဈေးကွက်က မျှော်လင့်ထားတယ်လို့ ဂျာမန် စတော့ဈေးကွက် လေ့လာဆန်းစစ်သူတစ်ယောက်က မှတ်ချက်ပေးပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်ကတော့ အမေရိကန် စီးပွားရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေရှိခဲ့တာ ကြောင့် ကမ္ဘာတစ်ဝန်းမှာ စတော့ရှယ်ယာ ရောင်းချမှုတွေ ရှိခဲ့ပေမယ့် အပတ်စဥ် အမေရိကန် အလုပ်သမား စျေးကွက် အချက်အလက်တွေက မျှော်လင့်ထားတာထက် ပိုကောင်းခဲ့လို့ ရင်းနှီးမြှုပ်နှံသူတွေ စိတ်သက်သာရာ ရခဲ့ပါတယ်လို့ ဆိုပါတယ်။