မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်အတွင်းက ကျေးရွာတွေမှာ အဓိကစိုက်ပျိုးတဲ့မိုးနှမ်းတွေ စတင်ရိတ်သိမ်းနေပြီဖြစ်ရာ အခုနှစ် နှမ်းစျေးကောင်းပေမယ့် နှမ်းအဖိုများတာနဲ့ နှမ်းရိတ် နှမ်းထောင်ချိန်တွေမှာ မိုးတွေအဆက်မပြတ်ရွာနေတဲ့အတွက် နှမ်းအထွက်နှုန်းလျော့ကျနိင်တယ်လို့ ဒေသခံတောင်သူတွေကပြောပါတယ်။
အောင်လံမြို့နယ်အတွင်းမှာတော့ တောင်သူတွေက စမုံနက်နှမ်းနဲ့ နှမ်းဖြူတွေကို အဓိကစိုက်ပျိုးနေကြတာဖြစ်တယ်လို့ဆိုပါတယ်။ အခုနှစ် နှမ်းတွေစတင်ရိတ်သိမ်းချိန်မှာ မိုးရွာသွန်းမှုများပြားတဲ့အတွက် အဆင်မပြေဘဲ အခက်အခဲတွေရှိတယ်လို့ စမ်းကလေးကျေးရွာက တောင်သူဦးအောင်နိုင်ကပြောပါတယ်။

အရင်နှစ်တွေက နှမ်းတစ်ဧကမှာ ၁၈ တင်းကျော်ထွက်ရှိခဲ့ပြီး အခုနှစ်မှာတော့ ၁၀ တင်းကျော်သာထွက်ရှိမယ်လို့ တောင်သူတွေကပြောပါတယ်။ အောင်လံမြို့ သီးနှံကုန်စည်ဒိုင်စျေးကွက်မှာတော့ စမုံနက်နှမ်း ၄၅ ပိဿာတစ်အိတ်ကို ကျပ် ငါးသိန်းစျေးနဲ့ အက်ဆစ်မလွတ်တဲ့ နှမ်းတစ်အိတ်ကိုတော့ ကျပ် ၄၇၀၀၀၀ ဈေးရှိတယ်လို့သိရပါတယ်။