မြန်မာလူမျိုးတွေအတွက်အိမ်တစ်အိမ်ရဲ့အရေးကြီးဆုံးက မီးဖိုချောင်ပါ။ မီးဖိုချောင်နဲ့ အများဆုံးပတ်သက်ဆက်နွယ်နေရတဲ့သူတွေကတော့ အိမ်ရှင်မတွေပါပဲ ။ အိမ်ရှင်မလို့ဆိုလိုက်တာနဲ့ ကလေးထိန်းရင်းအိမ်မှုကိစ္စတွေလုပ်ပြီး ခင်ပွန်းသည်ရှာဖွေပေးတဲ့ငွေကို စီးတဲ့ရေဆည်တဲ့ ကန်သင်း အတတ်နိုင်ဆုံးဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်နေတဲ့ အိမ်ရှင်မတွေလည်းရှိပါတယ်။ အိမ်ထောင်ဦးစီး တစ်ယောက် အလုပ်လုပ်ရင် တစ်အိမ်လုံးထိုင်စားလို့ရခဲ့တဲ့ခေတ်တွေရှိခဲ့ပေမယ့် ခုကာလဟာ အိမ်ရှိလူကုန် အလုပ်လုပ်မှ စားဝတ်နေရေးအဆင်ပြေမယ့်ကာလရောက်နေပါတယ်။ ဒါကြောင့်မို့ အိမ်ထောင်ဦးစီး နဲ့ အတူ ဒိုးတူဘောင်ဖက်တစ်ဖက်တစ်လမ်းက အလုပ်ထွက်လုပ်နေကြရတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတွေလည်း ရှိလာပါတယ်။ အခုကာလမှာ တစ်ရှိန်ထိုးတက်လာတဲ့ ကုန်ဈေးနှုန်းတွေကြောင့် အိမ်ရှင်မအများစုဟာ ဝင်ငွေနဲ့ထွက် ငွေမမျှတဲ့ ပြဿနာနဲ့ရင်ဆိုင်လာကြရပါ တယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မတိုင်ခင်က ကုန်ဈေးနှုန်း နဲ့ လက်ရှိဖြစ်နေတဲ့ ကုန်ဈေးနှုန်းနှိုင်းယှဉ်ရင် ၃ ဆကနေ ၅ ဆ ကျော်လောက်တက်လာပါတယ်။ ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ အတူ စက်သုံးဆီ ၊ ရွှေ ၊ဒေါ်လာ ၊ ကား နဲ့ အိမ်ခြံမြေဈေးနှုန်းတွေလည်း မြင့်တက်နေပါတယ်။ ဒေါ်လာငွေလဲနှုန်းတွေမြင့်တက်တဲ့အတွက် ပြည်ပ သွင်းကုန်ပစ္စည်းတွေဖြစ်တဲ့ စက်သုံးဆီ၊ စားအုံးဆီ ၊သွားတိုက်ဆေး ၊ ဆပ်ပြာ ၊ ခေါင်းလျှော်ရည် အစရှိတဲ့ နေ့စဉ် အိမ်အသုံးအဆောင်ပစ္စည်းတွေ အပါအဝင် အီလက်ထရောနစ်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေလည်း မြင့်တက်နေပါတယ် ၊ ၂၀၂၁ ခုနှစ်မတိုင်ခင်က အနည်းဆုံးကျပ် ၂၀၀ဖိုး လောက်ကစပြီး ဝယ်လို့ရတဲ့ ကုန်စိမ်းသီးနှံအမျိုးအစား တွေဟာ အခုဆိုရင် အနည်းဆုံးကျပ် ၅၀၀ ရှိမှ ဝယ်လို့ရတဲ့အခြေအနေဖြစ်နေပါတယ်။ ဒီအပြင် ဥ အမျိုးမျိုး ၊ အသားငါး ၊ ဟင်းသီးဟင်းရွက် နဲ့ သစ်သီးဝလံဈေးနှုန်းတွေကလည်း မြင့်တက်လာတယ်လို့ အိမ်ရှင်မတွေကပြောပါတယ်။အရင်က ကျပ် ၃ထောင်ကျော်သာရှိတဲ့ ပေါ်ဆန်းဆန်တစ်ပြည်ရဲ့ အမြင့်ဆုံးဈေးနှုန်းဟာ လက်ရှိမှာတစ်ပြည်ကို ကျပ် ၈၀၀၀ ကျော် အထိ မြင့်တက်နေပြီး အရင်က တစ်ပိဿာ ကျပ် ၂ထောင်ဝန်းကျင်သာရှိတဲ့ စားအုန်းဆီဈေးနှုန်းကလည်း ခုဆိုရင် တစ်ပိဿာကိုကျပ် ၁သောင်းကျော်အထိ မြင့်တက်နေပါတယ်။ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက သတ်မှတ်တဲ့ရန်ကုန်စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကလည်း တစ်ပိဿာကို ကျပ် ၇၀၀၀ အထက်မှာ ရှိနေပါတယ်။ ကြက်ဥ တစ်လုံးဈေးနှုန်းကလည်း ခုဆိုရင် ကျပ် ၃၅၀ ကနေ ကျပ် ၅၀၀ အထိရှိလာသလို ကန်ဇွန်းရွက်တစ်စည်းရဲ့ဈေးနှုန်းဆိုရင်လည်း ကျပ် ၅၀၀ ကနေ ကျပ် ၁၀၀၀ အထိရှိလာပြီး ကျပ်တစ်ရာတန်ကော်ဖီမစ်တစ်ထုတ်က လက်ရှိမှာ တစ်ထုတ် ကို ကျပ် ၅၀၀ ကျော်အထိ ရှိလာပါတယ်။ ပိုပြီးမြင်သာအောင်ဆိုရရင် မနက်စာအတွက် အရင်က ကျပ် ၁၀၀ သာရှိတဲ့ စမူဆာတစ်ခုက ခုဆိုရင် ကျပ် ၅၀၀ ၊ ကျပ် ၁၀၀ ကနေ ကျပ် ၂၀၀ သာရှိတဲ့ အီကြာကွေးတစ် ချောင်းကို ကျပ် ၇၀၀ ထိရှိလာသလို ကျပ် ၃၀၀ လောက်သာရှိတဲ့ မုန့်ဟင်းခါးတစ်ပွဲက ခုဆိုရင် ကျပ် ၁၅၀၀ ထိ ရှိလာနေပါတယ်။ ဒါကြောင့်အရင်ကလူတစ်ယောက်အတွက် မနက်စာ အပါအဝင် တစ်ရက်ကို စားစရိတ်က ကျပ် ၃၀၀၀လောက်ရှိရင် လုံလောက်ပေမယ့် ခုဆိုရင် တစ်ရက်ကို ကျပ် ၆၀၀၀ ဝန်းကျင်လောက်အထိ ကုန်ကျစရိတ်ရှိလာတယ်လို့ အိမ်ရှင်မတစ်ဦးကပြောပါတယ်။
မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းအဆမတန်တက်လာချိန်မှာ အခြေခံလုပ်သားတွေအတွက် တစ်ရက် လုပ်အားခကို ကျပ် ၆၈၀၀ တိုးပေးလိုက်ပေမယ့်လည်း တစ်ခြားတစ်ဖက်မှာအသင့်လိုက်တက်လာတဲ့ ကုန်ဈေးနှုန်းဒဏ်ကို အိမ်ရှင်မတွေခါးစည်းခံနေရဆဲပဲဖြစ်တယ်လို့ ဆိုကြပါတယ်။
“ ကုန်ဈေးနှုူန်းကိုအရင်လိုပြန်ကျစေချင်တယ်။ ရတဲ့ဝင်ငွေနဲ့ ထွက်တဲ့ဝင်ငွေကမမျှဘူးလေ။ လစာတွေ တိုးပေးလည်း ကုန်ဈေးနှုန်းကနောက်ကလိုက်တက်လာတော့ သမင်မွေးရင်းကျားစားရင်း ဆိုသလိုဖြစ် နေတယ်” လို့ အိမ်ရှင်မတစ်ဦးကပြောပါတယ်။
လက်လီဈေးကွက်ထဲကဈေးနှုန်းတွေနဲ့ ပင်ရင်းဒိုင်တွေမှာ ဝယ်ယူရတဲ့ ဈေးနှုန်းတွေကြား ကွာဟမှုရှိတာ ကြောင့် တစ်ချို့အိမ်ရှင်မတွေစုပေါင်းပြီး ပင်ရင်းဒိုင်တွေမှာကိုယ်တိုင်သွားဝယ်ပြီး ပြန်ခွဲယူတဲ့ပုံစံမျိုးနဲ့ ဖြေရှင်းလာတာမျိုးတွေလည်းရှိလာပါတယ်။စားဖိုချောင်ကုန်စိမ်းသီးနှံတွေကို နယ်ဒေသတွေမှာအများဆုံးစိုက်ပျိုးပြီး အဲဒီသီးနှံတွေအဓိက ဝယ်လို အားရှိတဲ့ဈေးကွက်က လူဦးရေအများဆုံးရှိတဲ့ရန်ကုန်တိုင်းဒေသကြီးပဲဖြစ်ပါတယ်။ ဒီသီးနှံတွေ ကို ရန်ကုန်ကို ရောင်းချတဲ့အခါမှာ သယ်ယူပို့ဆောင်ခအဆင့်ဆင့်ရဲ့ ကုန်ကျစရိတ်ကို ထည့်သွင်း တွက်ချက်ပြီး ပြန်လည်ရောင်းချကြပါတယ်။ အဆင့်ဆင့်သော ကုန်ကျစရိတ်ရဲ့ ဒဏ်ကိုနောက်ဆုံးမှာ စားသုံးသူတွေသာခံနေကြရတာပါ။ ခုလိုကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေပေမယ့် အမှန် တကယ် စိုက်ပျိုး တောင်သူတွေမှာလည်း ဒီအကျိုးအမြတ်သိပ်မခံစားရဘဲ ကုန်ဈေးနှုန်းတက်အောင် အမျိုးမျိုးသော နည်းလမ်းတွေနဲ့ လုပ်ဆောင်နေတဲ့ ဝိသမလောဘသားတွေသာ အကျိုးအမြတ် အသီးအပွင့်ကို အများဆုံး ခံစားနေကြရတာဖြစ်ပါတယ်။

နိုင်ငံအတွင်း ကုန်ဈေးနှုန်း အပါအဝင် လူနေမှုစရိတ်မြင့်တက်မှုတွေကြောင့် မြင့်တက်လာတဲ့ ငွေကြေးဖောင်းပွမှုနှုန်းက အခြေခံအိမ်ထောင်စုတွေအတွက် စားဝတ်နေရေးအခက်အခဲကို ပိုမိုကြီးထွားလာစေပါတယ်။ နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းတွေနဲ့အတူ အမျိုးမျိုးသော အကြောင်းချင်းရာတွေကြောင့် စက်ရုံအလုပ်ရုံ တွေမှာလည်း လုပ်ငန်းတွေ ပုံမှန်လည်ပတ်ဖို့ အခက်အခဲတွေရှိနေပြီး အောက်ခြေအလုပ်သမားတွေရဲ့ ဝင်ငွေကလည်းဖြစ်ပေါ်နေတဲ့ ကုန်ဈေးနှုန်းကို မကာမိတဲ့အခြေအနေကြောင့် အခက်အခဲတွေ ဖြစ် ပေါ်နေပါတယ်။ ဒီလိုအကျပ်အတည်းမျိုးစုံကြောင့် ပြည်တွင်းမှာ ခိုးဆိုးလုနှိုက်တွေလည်း အရင်ကထက် ပိုမိုများလာပြီး တရားဥပဒေစိုးမိုးမှုကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်မှုတွေလည်းရှိလာပါတယ်။
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးဖို့အတွက် အဓိကသော့ချက်ကတော့ နိုင်ငံရေးတည်ငြိမ်မှုရှိဖို့ပဲ ဖြစ်ပါတယ်။ နိုင်ငံရေးတည်ငြိမ်မှုမရှိတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေမှာလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရသလို ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ဝင်ရောက်မှုကလည်း လျော့ကျလာပါတယ်။ ဒီအကျပ်အတည်းအခက်အခဲ တွေကို ဖြေရှင်းဖို့အတွက်ဆိုရင် ကုန်ဈေးနှုန်းကျဆင်းရေးနဲ့ လူတစ်ဦးချင်းဝင်ငွေတိုးအောင် ဖန်တီးပေးနိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ အခုလိုအကျပ်အတည်းကာလမှာ အဆင်မပြေတာကို ညီးတွားနေမယ့်အစား တစ်ဦးကိုတစ်ဦး အပြစ်ပုံချနေမယ့်အစား လူတစ်ဦးချင်း ဝင်ငွေတိုးတက်ဖို့ တစ်ဦးတစ်ယောက်ချင်းစီ အနေနဲ့ အတတ်ပညာတစ်ခုခုမှာ ကျွမ်းကျင်အဆင့် ဖြစ်အောင် ကြိုးစားနေဖို့လိုအပ်မှာဖြစ်ပါတယ်။ အဲဒီအတွက်ပုံမှန်ထက်အားစိုက်ထုတ်ဖို့လိုအပ်ပြီး မလိုအပ်တဲ့ အသုံးစရိတ်တွေကို လျော့ချနိုင်ရပါမယ်။ ဒီလို လူတစ်ဦးစီကလည်း သူတို့ရဲ့ စွမ်းအားတွေ ကို အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်နေချိန်မှာ သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းတွေ ဘက်ကလည်း နိုင်ငံရေးစီးပွားရေးတည်ငြိမ်ရေး ကိုကြိုးပမ်းဆောင်ရွက်ဖို့လိုအပ်မှာဖြစ်ပါတယ်။ တန်ဖိုးမြှင့်ထုတ်ကုန် တွေပိုမိုထုတ်လုပ်နိုင်ဖို့ နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဖိတ်ခေါ်နိုင်ဖို့တွေကိုလည်း လုပ်ဆောင်ဖို့လိုအပ်မှာ ဖြစ်ပါတယ်။ ပြိုင်တူတွန်းရင်ရွေ့နိုင်တယ် ဆိုပေမယ့် ကုန်ဈေးနှုန်းပြဿနာကို တွန်းထုတ်ဖယ်ရှား ပစ်နိုင်ဖို့ဆိုတာ ဆန္ဒာဓိပတိမတပ်နိုင်ရင်တော့ ဗြဟ္မာ့ပြည်က အပ်တစ် စင်းနဲ့ လူ့ပြည်က အပ်တစ်စင်းထိတွေဖို့ထက် ပိုခက်ခဲနေလိမ့်မည်လားမသိ။
သူသူဟန်သာ