အထွေထွေအာမခံအမျိုးအစားဖြစ်တဲ့ ဖုန်းမျက်နှာပြင်အာမခံအမျိုးအစားသစ် အပါအဝင် အာမခံအမျိုးအစားသစ် ၆ မျိုး ထပ်တိုးနိုင်ဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ကနေ သိရပါတယ်။ ဇန်နဝါရီလ ၂၁ ရက်ကကျင်းပတဲ့ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ရဲ့ (၃၈)ကြိမ်မြောက် အစည်း အဝေးမှာ အာမခံ အမျိုးအစားသစ်တွေနဲ့ပတ်သက်ပြီး အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့က ဆွေးနွေးခဲ့ကြတာပါ။

အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့က ဆွေးနွေးဆုံးဖြတ်ရမဲ့ အာမခံအမျိုးအစားသစ်တွေထဲမှာ အထွေထွေ အာမခံ အမျိုးအစားတွေဖြစ်တဲ့ ဖုန်းမျက်နှာပြင်အာမခံ၊ ပြည်ပပါဆယ်အာမခံ၊ အသေးစားကျန်းမာရေးအာမခံ၊ အသက် အာမခံ အမျိုးအစားတွေဖြစ်တဲ့ တမူထူးခြားတဲ့ထပ်ပေါင်းစုဆောင်း အသက်အာမခံ ၅/၃ အာမခံအမျိုးအစားသစ်၊ ပြင်းထန်ရောဂါထပ်တိုး အစီအစဉ်သစ်နဲ့ လုံခြုံချေးငွေ အသက်အာမခံ အမျိုးအစားသစ်တို့ ပါဝင်ပါတယ်။

မြန်မာနိုင်ငံရဲ့အာမခံဈေးကွက်မှာ အသက်နဲ့အထွေထွေအာမခံ(၂)မျိုးလုံး လုပ်ကိုင်တဲ့ နိုင်ငံပိုင် မြန်မာ့အာမခံ လုပ်ငန်းအပါအဝင် ပြည်တွင်းပုဂ္ဂလိက အသက်အာမခံကုမ္ပဏီ(၉)ခု၊ ဖက်စပ်အသက်အာမခံကုမ္ပဏီ(၃)ခု၊ ရာနှုန်း ပြည့်နိုင်ငံခြားအသက်အာမခံကုမ္ပဏီ(၅)ခု၊ ပြည်တွင်းပုဂ္ဂလိကအထွေထွေအာမခံကုမ္ပဏီ(၆)ခု၊ ဖက်စပ်အထွေထွေ အာမခံကုမ္ပဏီ(၃)ခု စုစုပေါင်း (၂၇)ခု ရှိပါတယ်။အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အနေနဲ့ အာမခံကုမ္ပဏီတွေကို ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု အကာအကွယ်ပေးနိုင်ဖို့ ကျန်းမာရေးအာမခံ၊ ပြင်းထန်သောရောဂါ ကုသမှုအာမခံနဲ့ လူထုအခြေပြု ကျန်းမာရေး စောင့်ရှောက်မှုအာမခံတွေကို ရောင်းချခွင့်ပြုထားတယ်လို့ သိရပါတယ်။

လက်ရှိမှာ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အနေနဲ့ အာမခံအမျိုးအစား(၆၀)ခွင့်ပြုထားပြီး နိုင်ငံခြားအာမခံ ကိုယ်စားလှယ်ရုံး(၂၉)ခု၊ အာမခံလျော်ကြေးတွက်ချက်တဲ့ Adjuster & Surveyors ကုမ္ပဏီ(၅)ခု၊ ကော်ပိုရိတ် အာမခံကိုယ်စားလှယ်(၅၈)ခု၊ တစ်ဦးချင်းအာမခံကိုယ်စားလှယ်စုစုပေါင်း(၁၉၂၃၄)ယောက်၊ အာမခံကိုယ်စား လှယ်အရည်အချင်းစစ် စင်တာ(၁)ခုနဲ့ ဌာနတွင်းအာမခံကိုယ်စားလှယ် သင်တန်းကျောင်း(၂၅)ခုတို့ကို ခွင့်ပြု ထားတယ်လို့ သိရပါတယ်။