ကုန်းလမ်းခရီးနဲ့ သွားလာရခက်ခဲတဲ့ ဒေသတွေမှာ လေယာဉ်ခဈေးနှုန်းတွေဟာ ထပ်မံ မြင့်တက်နေတယ်လို့ ဒေသတွင်း လက်မှတ်အရောင်းအေဂျင်စီတွေဆီက သိရပါတယ်။

လတ်တလော စစ်တွေ၊ မြစ်ကြီးနား၊ ကော့သောင်း၊ ကလေး၊ ခန္တီး စတဲ့ ဒေသတွေမှာ ကုန်လမ်းခရီးနဲ့ သွားလာရ ခက်ခဲတာကြောင့် ကုန်းလမ်းခရီး ထက် လေကြောင်းခရီးကို အဓိကထားပြီး သွားလာနေရတာဖြစ်ပြီး လေယာဉ်လက်မှတ်ခ ဈေးနှုန်းတွေဟာ အခု ၂၀၂၅ နှစ်ဆန်းပိုင်းမှာ ထပ်ပြီး မြင့်တက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။စစ်တွေ-ရန်ကုန် လေယာဉ်လက်မှတ်ခတွေဟာ လေကြောင်းလိုင်းအလိုက် အနိမ့်ဆုံး ကျပ် ၄၁၀၀၀၀ ကျော်ကနေ ကျပ်ငါးသိန်းခွဲထိ ဈေးနှုန်းတွေရှိပြီး ရန်ကုန်-စစ်တွေ ခရီးစဉ်တွေဆိုရင် ကျပ်နှစ်သိန်း ရှစ်သောင်းကျော်ကနေ ကျပ်သုံးသိန်းခွဲထိ ဈေးရှိနေတယ်လို့ သိရပါတယ်။

မြန်မာ့လေကြောင်းလိုင်းတွေအနေနဲ့ အခုရက်ပိုင်းမှာ ဆီဈေးတက်တာကြောင့် ခရီးစဉ်တွေအားလုံးကို အရင်က ထက် ငွေကျပ်တစ်သောင်းခွဲ ဈေးတက်ခဲ့တယ်လို့ ဒေသတွင်းလက်မှတ်အရောင်းအေဂျင်စီတွေရဲ့ ပြောကြား ချက်အရ သိရပါတယ်။ အခုအချိန်မှာ လေကြောင်းလိုင်းနဲ့သာ ခရီးသွားလာတာများတဲ့အတွက် စီးနင်းမှု အခြေအနေပေါ် မူတည်ပြီး လက်မှတ်ဈေးနှုန်းတွေ မြင့်တက်လာတာဖြစ်နိုင်တယ်လို့ ခရီးသွားပြည်သူတွေက သုံးသပ်ကြပါတယ်။

ရန်ကုန်-မြစ်ကြီးနား လေယာဉ်လက်မှတ်ဈေးနှုန်းတွေက ၂၀၂၄ ခုနှစ်က (၄၇၉၀၀၀)ကျပ်သာ ရှိခဲ့ပေမယ့် အခုနှစ်ဆန်းပိုင်းမှာ ကျပ် ၇ သိန်းအထိနဲ့ ရန်ကုန်-ကော့သောင်း လေယာဉ်လက်မှတ်တွေက ၂၀၂၄ ခုနှစ်မှာ ကျပ် ၇ သိန်းခွဲအထိသာရှိခဲ့ပေမဲ့ အခုအချိန်မှာ ကျပ်ရှစ်သိန်းထိ ဈေးရှိနေတယ်လို့ သိရပါတယ်။ မန္တလေး – ခန္တီး လေယာဉ်လက်မှတ်ခ ဈေးနှုန်းတွေကလည်း ပြီးခဲ့တဲ့နှစ်တွေက ကျပ် နှစ်သိန်းခန့်သာ ဈေးရှိခဲ့ပေ မဲ့ အခုအချိန်မှာတော့ ကျပ် ၄ သိန်း ၆ သောင်းကျော်အထိ ရှိနေတယ်လို့ ဒေသတွင်း လေယာဉ်လက်မှတ် အရောင်းအေဂျင်စီတွေဆီကနေ သိရပါတယ်။