လက်လီဆန်ဆိုင်တွေအနေနဲ့ သတ်မှတ်ရည်ညွှန်းဈေးနဲ့အညီ ရောင်းချဖို့နဲ့ ဆန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဇူလိုင် ၈ ရက်က သတင်းထုတ်ပြန်ပါတယ်။
လက်လီဆန်ဆိုင်တွေဟာ ဆန်ဈေးကွက်မှာ အလွန်အရေးပါပြီး စားသုံးသူတွေနဲ့ ထိတွေ့မှုအများဆုံးဖြစ်ကာ လက်လီဆန်ဆိုင်တွေမှာ လက်လီရောင်းချမှုအတွက် သတ်မှတ်ထားတဲ့ ဈေးနှုန်းတွေအတိုင်း ရောင်းချပေးဖို့ လိုအပ်မှု ရှိနေသေးတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။
လက်လီဆန်ဆိုင်တွေအနေနဲ့ သတ်မှတ်ရည်ညွှန်းဈေးနှုန်းတွေနဲ့အညီ ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အလေးချိန်မှန်၊ အရည်အသွေးမှန်စွာနဲ့ ရောင်းချဖို့ အလေးအနက် တိုက်တွန်းနှိုးဆော်ထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။၊
လက်လီဆန်ဆိုင်တွေမှာ သိုလှောင်ထားတဲ့ ပြည်တွင်းစားသုံးတဲ့ ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ ပေါ်ဆန်း ဆန်တွေ၊ ရက် ၉၀၊ ပခန်း၊ မနောသုခ၊ ဧရာမင်း၊ ဧရာပဒေသာ ၊ မဂျမ်းတော စတဲ့ ဆန်တွေကို သတ်မှတ် ရည်ညွှန်းဈေးတွေအတိုင်း ထုတ်ရောင်းပေးဖို့ အထူးအလေးအနက်ပြု နှိုးဆော်သတိပေးအပ်တယ်လို့လည်း ဖော်ပြထားပါတယ်။

သတ်မှတ်ရည်ညွှန်းဈေးနှုန်းတွေထက် ပိုပြီးရောင်းချမှုတွေကို ထိရောက်စွာ ဖော်ထုတ်အရေးယူမှုတွေရှိတဲ့ အတွက် ဆန်ဈေးကွက် တည်ငြိမ်ကျဆင်းရေးအပေါ် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း ထုတ်ပြန်ချက် မှာပါရှိပါတယ်။
လက်ကားရောင်းချတဲ့ ပွဲရုံတွေ၊ ဆန်စက်တွေနဲ့ ကုန်စည်ဒိုင်တွေကနေ သတ်မှတ်ရည်ညွှန်းဈေးတွေနဲ့ ကုန်ပစ္စည်း ရရှိမှု မရှိတာ၊ အရည်အသွေးလျော့နည်းတဲ့ ပစ္စည်းတွေကို ဝယ်ယူရရှိတာတွေ ရှိရင် အသင်းချုပ်ရဲ့ ဖုန်းနံပါတ်တွေ ကို တိကျ ခိုင်လုံတဲ့ အချက်အလက်တွေနဲ့ အသိပေးတင်ပြဖို့ လိုအပ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။
ဒါ့အပြင် သတ်မှတ်ရည်ညွှန်းဈေးတွေအတိုင်း စားသုံးသူတွေဆီ ပစ္စည်းမှန် ဈေးမှန်ရောင်းချဖို့လိုပြီး အဲဒီလို ရောင်း ချဖို့ ဆန်အိတ်တွေကို ရည်ညွှန်းဈေးနဲ့ ထောက်ပံ့ပေးစေလိုရင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က လက်လီဆန် ဆိုင်တွေအထိ အရောက်ပေးပို့မှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။