ဓာတ်သတ္တု(ရွှေ)ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ထုတ်ပေးတာဟာ ရွှေလုပ်ငန်းတွေကို မှတ်ပုံတင်ထားရုံသာဖြစ်ပြီး ကော်မတီအနေနဲ့ အခွန်လိုက်မှာမဟုတ်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက ပြောပါတယ်။ ဇန်နဝါရီလ ၁၂ ရက်က ရန်ကုန်မြို့ ပန်ဒါဟိုတယ်မှာ ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသ ကြီး ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ၁၆ ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အခမ်းအနားမှာ အခုလို ပြောကြားခဲ့တာပါ။

ဓာတ်သတ္တု(ရွှေ)ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်ကနေ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ လ ၁၇ ရက်အထိ နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပြီး လိုင်စင် မလျှောက်ထားတဲ့ ရွှေလုပ်ငန်းတွေအနေနဲ့ ဖေဖော်ဝါရီ ၁၇ ရက်နောက်ပိုင်းမှာ အခက်အခဲတွေနဲ့ရင်ဆိုင်ရနိုင်တယ်လို့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက ပြောပါတယ်။ ဓာတ်သတ္တု(ရွှေ)ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်လျှောက်ထားရာမှာ လုပ်ငန်းရှင်တွေဆီကတောင်းတဲ့ အချက် အလက်တချို့မှာ ပါဝင်တဲ့ စံနှုန်းတချို့ကိုလည်း ဖြေလျှော့ပေးထားတယ်လို့ သိရပါတယ်။

လုပ်ငန်းလိုင်စင်ရရှိတဲ့ လူပုဂ္ဂိုလ်၊ ကုမ္ပဏီဟာ ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေး သတ်မှတ်ရေး ကော်မတီက သတ်မှတ်ထုတ်ပြန်ထားတဲ့ ရည်ညွှန်းဈေးနဲ့သာ ရောင်းဝယ်တာ ပြုလုပ်ရမယ်လို့ သတ်မှတ်ထားပါတယ်။ ဒါ့အပြင် နေ့စဉ်၊ လစဉ် အရောင်းအဝယ်စာရင်းနဲ့ လက်ကျန်စာရင်းတွေကို တင်ပြရမှာဖြစ်သလို ရွှေဈေးကွက် မတည်မငြိမ်ဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်တာ၊ ရောင်းဝယ်တာ မပြုလုပ်ရဘူးလို့လည်း သတ်မှတ်ထားပါ တယ်။ လက်ရှိမှာ ဓာတ်သတ္တု(ရွှေ)ဝန်ဆောင်မှု လုပ်ငန်းလိုင်စင်လျှောက်လွှာထုတ်ယူထားတာက ၉၉၇ စောင် ရှိပြီး ပြန်တင်တဲ့စောင်ရေက ၁၃၀ ကျော်သာ ရှိတယ်လို့ သိရပါတယ်။