ရွှေထည်လက်ဝတ်ရတနာတွေရောင်းချတာကရရှိတဲ့ ရောင်းရငွေအပေါ်နဲ့ ပြည်ပကနေတင်သွင်းခြင်းအတွက် ကုန်းပေါ်အရောက်တန်ဖိုးအပေါ်မှာ သုံးရာခိုင်နှုန်း ကုန်သွယ်လုပ်ငန်းခွန်ကျသင့်စေရမယ်လို့ ၂၀၂၄ ခုနှစ် ပြည်ထောင်စု၏အခွန် အကောက်ဥပဒေကို ပြင်ဆင်တဲ့ဥပဒေပြဋ္ဌာန်းလိုက်ပါတယ်။
၂၀၂၄ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကိုပြင်ဆင်တဲ့ဥပဒေကို ဩဂုတ်၂၈ ရက် ရက်စွဲနဲ့ ပြဋ္ဌာန်းလိုက်တာဖြစ်ပါတယ်။

မူလဥပဒေမှာ ရွှေထည်လက်ဝတ်ရတနာတွေရောင်းချတာကရရှိတဲ့ ရောင်းရငွေအပေါ်နဲ့ ပြည်ပကနေတင်သွင်းခြင်းအတွက်ကုန်းပေါ်အရောက်တန်ဖိုးအပေါ်မှာ တစ်ရာခိုင်နှုန်းကုန်သွယ်လုပ်ငန်းခွန်ကျသင့်စေရမယ်လို့ ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး အခုသုံးရာခိုင်နှုန်းကုန်သွယ်လုပ်ငန်းခွန်ကျသင့်စေရမယ်လို့ တိုးမြှင့်ပြဋ္ဌာန်းလိုက်တာပါ။
ဒါ့အပြင်မူလဥပဒေမှာ ရွှေစင်ရွှေတုံးတွေ(စံချိန်မီ ရွှေချောင်း၊ ရွှေတုံး၊ ရွှေဒင်္ဂါး)တွေကို ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ပြုထားခဲ့ပေမယ့် အခုပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေမှာတော့ ကုန်သွယ်လုပ်ငန်းခွန်သုံးရာခိုင်နှုန်း ကျသင့်စေရမယ်လို့ ပြဋ္ဌာန်းထားတာတွေ့ရပါတယ်။
အခုပြင်ဆင်တဲ့ဥပဒေမှာ မူလ၂၀၂၄ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေရဲ့ ပုဒ်မ ၁၄၊ ပုဒ်မခွဲ(ဈ)ကိုလည်း ရွှေစင်ရွှေတုံးတွေ(စံချိန်မီရွှေချောင်း၊ ရွှေတုံး၊ ရွှေဒင်္ဂါး)တွေနဲ့ ရွှေထည်လက်ဝတ်ရတနာတွေကို ပြည်တွင်းမှာဝယ်ယူစဉ် သို့မဟုတ် ပြည်ပမှတင်သွင်းစဉ်က ပေးဆောင်ခဲ့ရတဲ့ ကုန်သွယ်လုပ်ငန်းခွန်ကို ပြည်တွင်းမှာရောင်းချစဉ် သို့မဟုတ် ပြည်ပကိုတင်ပို့စဉ် ပေးဆောင်ရတဲ့ ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ကနေ ခုနှိမ်ခွင့်မရှိစေရလို့ အစားထိုးပြဋ္ဌာန်းလိုက်ပါတယ်။
အခုပြင်ဆင်ပြဋ္ဌာန်းတဲ့ဥပဒေဟာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်ကနေ ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ အကျိုးသက်ရောက်စေရမယ်လို့လည်း ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။