ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းက မြို့ကြီးတချို့ရဲ့ စက်သုံးဆီ ရည်ညွှန်းလက်လီဈေးဟာ စက်တင်ဘာလ ၁၃ ရက်မှာ အနည်းငယ် ပြန်လည်ကျဆင်းလာတယ်လို့ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်မြို့ရဲ့ စက်သုံးဆီရည်ညွှန်းလက်လီဈေးဟာဆိုရင် အောက်တိန်း 92 တစ်လီတာကို ၃၀၅၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၃၁၉၅ ကျပ်၊ ဒီဇယ်တစ်လီတာကို ၂၆၁၀ ကျပ်နဲ့ ပရီမီယမ် ဒီဇယ်တစ်လီတာကို ၃၂၇၅ ကျပ် သတ်မှတ်ထားတာဖြစ်ပါတယ်။

အခုထုတ်ပြန်တဲ့ ဈေးနှုန်းဟာ စက်တင်ဘာလ ၁၂ ရက်နဲ့ နှိုင်းယှဉ်ရင် 92 တစ်လီတာကို ၁၆၅ ကျပ်၊ 95 တစ်လီတာကို ၁၆၀ ကျပ်၊ ဒီဇယ်တစ်လီတာကို ၁၀၀ ကျပ်နဲ့ ပရီမီယမ် ဒီဇယ်တစ်လီတာကို ၁၂၀ ကျပ်လောက် ကျဆင်းလာတာ ဖြစ်ပါတယ်။
နေပြည်တော်အပါအဝင် အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက မြို့ကြီးတွေရဲ့ စက်သုံးဆီ ရည်ညွှန်း လက်လီဈေးကလည်း အရင်နေ့ ပေါက်ဈေးထက် အနည်းငယ်ကျဆင်းလာပါတယ်။