ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ အခုဘဏ္ဍာနှစ် ဧပြီလနေဩဂုတ်လအထိ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ရှစ်ခုကို ခွင့်ပြုပေးခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနကနေသိရပါတယ်၊၊
ခွင့်ပြုလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်တွေကတော့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုခြောက်ခုနဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှု နှစ်ခုဖြစ်ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏဟာ ငွေကျပ် သန်း ၂ သောင်းကျော်နဲ့ အမေရိကန်ဒေါ်လာ ၅ ဒသမ ၆ သန်းဖြစ်ပါတယ်။ အဲဒီလုပ်ငန်းရှစ်ခုကနေ ပြည်တွင်းအလုပ်အကိုင် ၁၃၀၀ ကျော်အတွက် ဖန်တီးပေးနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်၊၊

ဧရာဝတီတိုင်းဒေသကြီးမှာတော့ စိုက်ပျိုးရေးကိုအခြေခံတဲ့ စက်မှုလုပ်ငန်းတွေကို ပြည်တွင်း၊ပြည်ပက အဓိကလာရောက် ရင်းနှီးမြှုပ်နှံကြပြီး CMP အထည်ချုပ်လုပ်ငန်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေကိုလည်း လာရောက်ရင်းနှီးမြှုပ်နှံနေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ နိုင်ငံသားနဲ့နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၀၂ ခုကို ခွင့်ပြုပေးခဲ့ပြီးဖြစ်တယ်လို့လည်းဆိုပါတယ်။