မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်မှာ မြေပဲဆန်နဲ့ ပဲတီစိမ်းစျေးကွက်အတွင်း ပစ္စည်းအရည်အသွေးပေါ် မူတည်ပြီး စျေးကောင်းရနေတယ်လို့ မကွေးကုန်စည်ဒိုင်ကသိရပါတယ်။ မြေပဲဆန်စျေး ကွက်ကတော့ ပြည်ပတင်ပို့မှုမရှိသေးဘဲ ပြည်တွင်းက ဆီစက်လုပ်ငန်းတွေမှာပဲ အရောင်းအဝယ်ပြုလုပ်နေတာ ဖြစ်တယ်လို့ဆိုပါတယ်။
စျေးကွက်မှာ မြေပဲဆန်တစ်ပိဿာကို ၈၅၀၀ ကျပ်ကနေ ကိုးထောင်ကျပ်ဝန်းကျင်ရှိပြီး ပဲတီစိမ်းဈေးကတော့ တစ်တင်းကို ကျပ်ခြောက်သောင်းဝန်းကျင်မှာရှိနေပြီး ပစ္စည်းအရည်အသွေးကောင်းရင်ကောင်းသလို ဈေးကောင်းရနေတာဖြစ်တယ်လို့ သိရပါတယ်။

ပဲတီစိမ်းအပါအဝင် သီးနှံစျေးကွက်မှာ ပစ္စည်းအရည်အသွေးမကောင်းတဲ့အတွက် အရောင်းအဝယ်အခက်အခဲရှိနေပြီး ပစ္စည်းကောင်းရင်တော့ စျေးကောင်းရတယ်လို့ မကွေးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးကျော်ထွန်းကပြောပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်းမှာ လာမယ့်စက်တင်ဘာလဟာ မိုးသီးနှံတွေဖြစ်တဲ့ နှမ်း၊မြေပဲပေါ်ချိန်ဖြစ်ပြီး အရောင်းသွက်တဲ့ကာလဖြစ်ပါတယ်။ အခုနှစ်မှာ ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ခင်းတွေရေကြီးနစ်မြုပ်တာ၊ မိုးလိုအပ်ချက်ကြောင့် သီးနှံပျက်စီးတာတွေရှိတဲ့အတွက် ထွက်ရှိလာတဲ့အချိန်မှာ အထွက်နှုန်းလျော့ကျနိုင်ပြီး ပစ္စည်းအရည်အသွေးကောင်းရင်တော့စျေးကောင်းရနိုင်တယ်လို့ ကုန်သည်တွေကပြောပါတယ်။