မြန်မာ-ရုရှား စီးပွားရေးဖိုရမ်ကို မတ်လ ၅ ဒေသစံတော်ချိန် မနက် ၁၀ နာရီက ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ၊ Radisson Hotel ၊ Conference Hallမှာ ကျင်းပပါတယ်။ စီးပွားရေးဖိုရမ်ဖွင့်ပွဲမှာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးတို့က အဖွင့်အမှာစကား အသီးသီး ပြောကြားပါတယ်။

ဆက်လက်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းက မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ခြင်းဆိုင်ရာနဲ့ပတ်သက်လို့ အကျဉ်းချုပ်ပြောကြားပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ Fund RC-Investment ရဲ့ အမှုဆောင်အရာရှိချုပ်က မြန်မာနဲ့ ရုရှားဆက်ဆံရေးရဲ့ ရင်းနှီးမြှုပ်နှံမှုအလားအလာတွေကို အကျဉ်းချုပ်ပြောကြားပါတယ်။အဲဒီနောက်မှာ UMFCCI ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က မြန်မာနိုင်ငံရှိအထည်ချုပ်လုပ်ငန်း တွေအကြောင်း၊ ဦးမြဟန်(UMFCCI)က မြန်မာနိုင်ငံရှိ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍဆိုင်ရာအကြောင်း၊ ဦးညီညီလွင်(UMFCCI)က မြန်မာနိုင်ငံရှိ ကျောက်မျက်ရတနာကဏ္ဍဆိုင်ရာအကြောင်း၊ MAI ဥက္ကဋ္ဌ ဦးအောင်ဇော်ဇော်က မြန်မာနိုင်ငံရှိ ခရီးသွားကဏ္ဍဆိုင်ရာအကြောင်းတွေကို ရှင်းလင်းပြောကြားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ရုရှား MIR Card တွေ လက်ခံသုံးစွဲနိုင်ရေး ဆောင်ရွက်မှုလုပ်ငန်းအခြေအနေတွေကိုလည်း Video Clip နဲ့ ပြသခဲ့သလို နှစ်ဖက်အမေးအဖြေကဏ္ဍကိုလည်း ပြုလုပ်ခဲ့ပါတယ်။အဲဒီဖိုရမ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ပြီး ဖြည့်စွက်အမှာစကား ပြောကြားခဲ့ပါတယ်။အခုကျင်းပတဲ့ဖိုရမ်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)နဲ့ MAI ၊ Roscongress Foundation၊ Fund RC-Investments၊ Russia-ASEAN Business Council နဲ့ Russia-Myanmar Business Council တို့ ပူးပေါင်း ကျင်းပတာဖြစ်ပါတယ်။