(၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲကို ဩဂုတ် ၁၂ ရက်ကနေ ၁၅ ရက်အထိ ၄ ရက်ကြာ နေပြည်တော်မှာရှိတဲ့ မဏိရတနာကျောက်စိမ်းခန်းမမှာ ကျင်းပသွားမှာဖြစ်တယ်လို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကနေ သိရပါတယ်။
မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲဗဟိုကော်မတီအစည်းအဝေးကိုတော့ ဩဂုတ် ၂ ရက်က နေပြည်တော်မှာပြုလုပ်ခဲ့ပြီး ဗဟိုကော်မတီနာယက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနဲ့ တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်။

အဲဒီအစည်းအဝေးမှာ မြန်မာ့တောင်ပင်လယ်ပုလဲရတနာတွေ ရောင်းချနိုင်ရေး စီစဉ်ထားရှိမှုတွေ၊ ရောင်းချမယ့် ပုလဲအတွဲတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ မေလကကျင်းပခဲ့တဲ့ (၅၉)ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲမှာတော့ ပုလဲအတွဲ ၄၀၀ ပြသခဲ့ပြီး ၃၇၉ တွဲ ရောင်းချ နိုင်ခဲ့တယ်လို့ မြန်မာ့ကျောက်မျက်ရတနာပြပွဲကျင်းပရေး ဗဟိုကော်မတီကနေ သိရပါတယ်။