၂၀၂၅ ခုနှစ် မတ်လမှာ ကုန်ဆုံးတော့မယ့် လက်ရှိဘဏ္ဍာရေးနှစ်အတွက် မြန်မာ့စီးပွားရေးခန့်မှန်းချက်မှာ အနုတ် ၁ ရာခိုင်နှုန်း ကျဆင်းဖွယ်ရှိတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မြန်မာ့စီးပွားရေးဟာ အကျပ်အတည်းစိန်ခေါ်မှုမျိုးစုံရဲ့ ရိုက်ခတ်မှုနဲ့ရင်ဆိုင်နေရပြီး ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေ၊ ငွေကြေးဖောင်းပွမှု နှုန်းမြင့်မားတာ၊ သွင်းကုန်ကန့်သတ်ချက်တွေရှိတာနဲ့ ရေကြီးရေလျှံမှုအခြေ အနေတွေကြောင့် စီးပွားရေးလုပ်ငန်းတွေနဲ့ အိမ်ထောင်စုတွေအပေါ်မှာ ကြီးမားတဲ့သက်ရောက်မှုတွေ ဖြစ်ပေါ်ခဲ့ တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ကုန်ကြမ်းပြတ်လပ်မှု၊ လျှပ်စစ်ဓာတ်အားမလုံလောက်မှုနဲ့ ပြည်တွင်းဝယ်လိုအား ကျဆင်းမှုတွေကြောင့် စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုကဏ္ဍတို့မှာ တိုးတက်မှုမရှိဘဲ ဆက်လက်ကျဆင်းနေမယ်လို့ ခန့်မှန်းထား ပါတယ်။

“လတ်တလော သဘာဝဘေးအန္တရာယ်တွေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ဈေးနှုန်းမြင့်တက် မှုနဲ့အတူ လုပ်သားဈေးကွက်ရှားပါးမှုတွေဖြစ်ပေါ်ပြီး မြန်မာ့စီးပွားရေးကို ပြင်းထန်စွာ ထိခိုက်စေခဲ့တာဖြစ်တယ်” လို့ ကမ္ဘာ့ဘဏ်ရဲ့ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Melinda Good က ပြောပါတယ်။အခုဘဏ္ဍာနှစ် ဒုတိယနှစ်ဝက်ကာလ ၆ လအတွင်း Macro စီးပွားရေးမငြိမ်မသက်မှုတွေကလည်း ဆက်လက် ဖြစ်ပေါ်နိုင်တယ်လို့ အစီရင်ခံစာမှာ ခန့်မှန်းထားပါတယ်။ လာမယ့်နှစ်မှာ ကမ္ဘာ့ဘဏ်ခန့်မှန်းချက်ထက် ပိုမို ကျဆင်းနိုင်ဖွယ်ရှိတယ်လို့လည်း စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ ဦးမျိုးမြင့်က သုံးသပ်ပြော ကြားပါတယ်။

တိုင်ဖွန်းမုန်တိုင်းရာဂီနဲ့ မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြန်မာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းထက်ဝက်ကျော် ထိခိုက်မှုရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံက လုပ်သားတွေဟာ ပြည်ပနိုင်ငံတွေကို ရွှေ့ပြောင်းလုပ်ကိုင်လာကြတဲ့အတွက် ပြည်တွင်းမှာ လုပ်သားရှားပါးမှုတွေ ဖြစ်ပေါ်နေတယ်လို့လည်း ဖော်ပြထားပါတယ်။ ကမ္ဘာ့ဘဏ်ဟာ နှစ်စဉ်မြန်မာ့စီးပွားရေးအခြေအနေကို စောင့်ကြည့်လေ့လာသုံးသပ်ပြီး တွေ့ရှိချက်တွေကို ခြောက်လတစ်ကြိမ် ခြုံငုံကာ မြန်မာ့စီးပွားရေး စောင့်ကြည့် အစီရင်ခံစာကို ပြုစုထုတ်ပြန်နေတာဖြစ်ပါတယ်။