ဂျပန်နိုင်ငံကနေ မြန်မာလုပ်သားဦးရေ ၁၆၄၀ ကျော်ကို ခေါ်ယူဖို့ ကမ်းလှမ်းတဲ့ အလုပ်ကမ်းလှမ်းစာ အစောင်ရေ ၄၅၁ စောင် ရှိတယ်လို့ တိုကျိုမြို့ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။ အဲဒီ အလုပ်ကမ်းလှမ်းစာတွေကို စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကို ပေးပို့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံမှာရှိတဲ့ ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ ကုန်ထုတ် လုပ်မှုလုပ်ငန်းနဲ့ အခြားလုပ်ငန်းတွေအတွက်ပါ အလုပ်ကမ်းလှမ်းစာတွေနဲ့ မြန်မာလုပ်သားတွေကို လစဥ်ခေါ်ယူ နေတာပါ။ တိုကျိုမှာရှိတဲ့ မြန်မာသံရုံးက ဂျပန်နိုင်ငံမှာရှိတဲ့ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနဲ့ အလုပ်ခေါ်ယူတဲ့ စက်ရုံ၊ ကုမ္ပဏီတွေဟာ ဂျပန်နိုင်ငံမှာ တရားဝင် တည်ထောင်ထားခြင်း ရှိ/မရှိနဲ့ စာရွက်စာတမ်း အထောက်အထားတွေ အပြင် နိုင်ငံခြားရေးဝန်ကြီးဌာနကတစ်ဆင့် ပေးပို့တဲ့ အလုပ်ကမ်းလှမ်းစာတွေကို စိစစ်ပေး နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ နည်းပညာအလုပ်သင် သင်တန်းသားအစီအစဉ်နဲ့ ဂျပန်နိုင်ငံကို လာရောက်လုပ်ကိုင်နိုင်တဲ့ သစ်တော လုပ်ငန်း အမျိုးအစား အသစ်တစ်ခုကို ထပ်မံဖြည့်စွက်ထားပြီး အဲဒီသင်တန်းအစီအစဉ်နဲ့ မြန်မာနိုင်ငံက နည်းပညာ အလုပ်သင် သင်တန်းသားတွေကို ခေါ်ယူနေတယ်လို့ သိရပါတယ်။ လာမယ့် ၂၀၄၀ ပြည့်နှစ်မှာ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး လုပ်သား ၅ သိန်း ၇ သောင်း လိုအပ်မယ်လို့လည်း ဂျပန်အစိုးရက ခန့်မှန်းထားပါတယ်။