အခုရက်ပိုင်းအတွင်း ရန်ကုန်မြို့မှာ လျှပ်စစ်ပြတ်တောက်မှုတွေကြောင့် ထမင်းဟင်းချက်ပြုတ်ဖို့ မီးသွေးဝယ်ယူ မှုတွေ များလာပြီး ဈေးလည်းအနည်းငယ် တက်သွားတယ်လို့ မီးသွေးရောင်းချနေတဲ့ဆိုင်တွေကနေ သိရပါတယ်။

ရန်ကုန်မြို့မှာ ရောင်းချနေတဲ့ မီးသွေးတွေကို ပုသိမ်နဲ့ထားဝယ်ဘက်က အများဆုံးမှာ ယူရောင်းချတာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီထဲက ပုသိမ်မီးသွေးကို အများဆုံးရောင်းချရတာဖြစ်ပြီး ထားဝယ်မီးသွေးကတော့ ဈေးနှုန်းပိုမြင့် တဲ့အတွက် အသုံးပြုသူ နည်းပါးတယ်လို့ သိရပါတယ်။လူသုံးများတဲ့ ပုသိမ်မီးသွေး ဆယ်ပိဿာဝင်တစ်အိတ်ကို ပြီးခဲ့တဲ့လတွေက ငွေကျပ် ၁၅၀၀၀ သာ ရှိခဲ့တာဖြစ်ပေမဲ့ အခုအခါမှာတော့ တစ်အိတ်ကို နှစ်သောင်းကျော် ရှိနေတာဖြစ်ပါတယ်။

မီးသွေးမှာယူရတဲ့အခါမှာလည်း လမ်းခရီးအခြေအနေတွေကြောင့် ဈေးနှုန်းမြင့်တက်တာဖြစ်တယ်လို့ မီးသွေး အရောင်းဆိုင်ပိုင်ရှင်တစ်ယောက်က ပြောပါတယ်။ရပ်ကွက်တွေထဲက မီးသွေးရောင်းတဲ့ဆိုင်တွေမှာဆိုရင် မီးသွေးအိတ်အကြီးတွေ ဝယ်ယူတာနည်းပြီး တစ်ပိဿာစီ ထုပ်ထားတဲ့ မီးသွေးအိတ်လေးတွေနဲ့ ကျပ်သားလိုက်ထုတ်ထားတဲ့အိတ်တွေကို အဝယ်များကြတယ်လို့ ဆိုပါတယ်။ တစ်ပိဿာထုပ် မီးသွေးအိတ်လေးတွေက ၂၂၀၀ ကျပ်ကနေ၂၆၀၀ ကျပ်အထိ ဈေးရှိနေပြီး ကျပ်သား အလိုက်အထုပ်လေးတွေက ကျပ်၅၀၀ တန်ကနေ ၁၅၀၀ တန်အထိ ရှိတယ်လို့ သိရပါတယ်။

လက်ရှိ ရန်ကုန်မြို့မှာ ဇန်နဝါရီလကစပြီး အုပ်စုသုံးစုခွဲကာ တစ်အုပ်စုကို ၄ နာရီပေး ၈ နာရီပိတ်၊ ၄ နာရီပေး ၄ နာရီပိတ် အလှည့်ကျစနစ်နဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေတယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။