မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်အတွင်းမှာ ဂန္ဓာမာပန်းတွေကို စီးပွားဖြစ် စိုက်ပျိုးသူတွေအနေနဲ့ စျေးကောင်းရရှိနေကြတယ်လို့ ဒေသခံပန်းစိုက်တောင်သူတွေဆီကသိရပါတယ်။ ဂန္ဓာမာပန်းစိုက်ပျိုးသူတွေ အနေနဲ့ ဇူလိုင်လလောက်မှာ စတင်စိုက်ပျိုးကြပြီး (၄)လခန့်အကြာ အောက်တိုဘာ လလောက်မှာ ပန်းတွေကို စျေးကွက်ထဲရောင်းချနိုင်တာဖြစ်တယ်လို့ သိရပါတယ်။
ဒီနှစ်ပန်းစိုက်ရာသီမှာ မိုးများတဲ့ရာသီဥတုရှိခဲ့တာကြောင့် မြေဆီ၊ အားဆေး၊ မှိုဆေးတွေကို ပိုမိုသုံးစွဲခဲ့ရပြီး လုပ်သားငှားရမ်းခတွေလည်း မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်မြင့်မားပေမယ့် ပန်းစျေးကွက်မှာ စျေးကောင်းရရှိခဲ့တာကြောင့် အရှုံးမပေါ်ဘဲ အမြတ်ရရှိခဲ့ကြတာ ဖြစ်တယ်လို့ မင်းဘူးမြို့နယ် ရေတွင်းကုန်းကျေးရွာက ပန်းစိုက်ပျိုးသူ ဦးစန်းကျော်က ပြောပါတယ်။
မင်းဘူးဒေသက စီးပွားဖြစ်ဂန္ဓာမာပန်းစိုက်ပျိုးသူတွေအနေနဲ့ ကြွေဖြူ၊ စပါယ်ဖြူ၊ ရွှေဝါဝင်း၊ ကျောက်စိမ်း၊ရွှေစိမ်း၊ စသဖြင့်အအစား စုံလင်အောင်စိုက်ပျိုးကြပြီး အဓိကအနေနဲ့ စျေးကွက်ပိုဝင်တဲ့ ကြွေဖြူ၊ စပါယ်ဖြူ၊ ရွှေဝါဝင်း စတဲ့ ပန်းမျိူးတွေကို စိုက်ပျိူးမှုပိုမို များပြားတယ်လို့ဆိုပါတယ်။ စိုက်ပျိုးထွက်ရှိလာတဲ့ပန်းတွေကို မကွေး၊ မင်းဘူး စျေးကွက်တွေကိုအဓိကတင်ပို့ကြပြီး အရင်နှစ်တွေက သရက်မြို့နယ်တွေအထိပါတင်ပို့တယ်လို့သိရပါတယ်။
ဒီနှစ်မှာတော့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် မကွေး၊ မင်းဘူး စျေးကွက်တွေကိုပဲ တင်ပို့ရောင်း ချနေတယ်လို့ ရေတွင်းကုန်းကျေးရွာက ပန်းစိုက်ပျိုးသူ ကိုစန်းမင်းထွန်းက ပြောပါတယ်။ မင်းဘူးမြို့နယ် အတွင်းက ကျေးရွာအတော်များများမှာ ဂန္ဓာပန်းကို စီးပွားဖြစ်အနေနဲ့စိုက်ပျိုးကြပြီး ရေတွင်းကုန်း၊ ရေမြတ်၊ ကျောက်တန်း စတဲ့ကျေးရွာတွေမှာတော့ အများဆုံးစိုက်ပျိုးကြတယ်လို့လည်းသိရပါတယ်။