ဘဏ်လုပ်ငန်းရှင်အများစုဟာ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေလည်းဖြစ်တဲ့အတွက် ကန်ထရိုက်လယ်ယာတွေ၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကဏ္ဍတွေမှာ လုပ်ငန်းစုတွေ၊ အသင်းစုတွေအဖြစ် ပူးပေါင်းရင်းနှီးမြှုပ်နှံသင့်ကြောင်း ဇူလိုင် ၁၀ ရက်မှာ ပြုလုပ်တဲ့ ဘဏ်လုပ်ငန်း ဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့ကြတယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ပြည်ပသွင်းကုန်တွေ အစားထိုးနိုင်ရေးအတွက် ပြည်တွင်းမှာ စက်ရုံ၊ အလုပ်ရုံတွေ တည်ဆောက်ပြီး Value Add ထုတ်ကုန်တွေ ထုတ်လုပ်သင့်ကြောင်းပါ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ခိုင်မာအားကောင်းတဲ့ ငွေရေးကြေးရေးကဏ္ဍ ဖြစ်ပေါ်လာစေရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ့် အခြေအနေတွေ၊ ဘဏ်လုပ်ငန်းဆိုင်ရာပြဋ္ဌာန်းထားတဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လိုက်နာဆောင် ရွက်သွားမယ့် အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီဆွေးနွေးပွဲကို နစကအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ နစကတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ နစကအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ နစကအဖွဲ့ဝင် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကဘဏ်တွေက နာယကတွေ၊ ဥက္ကဋ္ဌတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။