ပို့ကုန်/သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်ကောက်ခံရာမှာ ဗဟိုဘဏ်ကနေ့စဉ်ထုတ်ပြန်တဲ့ ရည်ညွှန်းငွေလဲနှုန်းကို အခြေခံတဲ့ အပတ်စဉ်နိုင်ငံခြားငွေလဲလှယ်နှုန်းနဲ့ ကောက်ခံရာကနေ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီ ၁ရက်ကစပြီး ဈေးကွက်ငွေလဲနှုန်းကို အခြေခံတဲ့ အပတ်စဉ်နိုင်ငံခြားငွေလဲလှယ်နှုန်းနဲ့ ပြောင်းလဲကောက်ခံသွားမယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနက ဒီဇင်ဘာ၂၇ရက်မှာ ကြေညာပါတယ်။

အခွန်စည်းကြပ်ကောက်ခံရာမှာ အသုံးပြုမယ့် ဈေးကွက်ငွေလဲလှယ်နှုန်းကို အခြေခံတဲ့ အပတ်စဉ်နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကိုလည်း အကောက်ခွန်ဦးစီးဌာနရဲ့ Website၊ Facebook Pageတွေမှာ အပတ်စဉ်ထုတ်ပြန်ကြေညာပေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဗဟိုဘဏ်က နေ့စဉ်ထုတ်ပြန်တဲ့ရည်ညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်းက အမေရိကန်တစ်ဒေါ်လာကို ၂၁၀၀ကျပ်ဖြစ်ပြီး ဒီဇင်ဘာ၂၇ရက်မှာ ဗဟိုဘဏ်က FX Market Online Platformကတစ်ဆင့် ထုတ်ရောင်းပေးတဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းက အမေရိကန်တစ်ဒေါ်လာကို ၃၅၈၈ကျပ်ဖြစ်တယ်လို့ ဗဟိုဘဏ်ကနေ သိရပါတယ်။