ပို့ကုန်တင်ပို့သူတွေအနေနဲ့ ဩဂုတ် ၈ ရက်ကစပြီး ပို့ကုန်ရငွေရဲ့ ၂၅ ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်ရဲ့ သတ်မှတ်နှုန်းထားအတိုင်း မြန်မာကျပ်ငွေလဲလှယ်ရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဩဂုတ် ၇ ရက်မှာ အမိန့်ကြော်ငြာစာထုတ်ပြန်ပါတယ်။
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၄၉၊ ပုဒ်မခွဲ(ခ)အရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီး အခုလို ထုတ်ပြန်တာဖြစ်တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နှုန်းကိုဗဟိုဘဏ်သတ်မှတ်နှုန်းထားနဲ့ မြန်မာကျပ်ငွေလဲလှယ်ရမယ်လို့ ထုတ်ပြန်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ ပို့ကုန်ရငွေရဲ့ ၅၀ ရာခိုင်နှုန်း၊ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၆ ရက်မှာ ပို့ကုန်ရငွေရဲ့ ၃၅ ရာခိုင်နှုန်းကိုဗဟိုဘဏ် သတ်မှတ်နှုန်းထားအတိုင်း မြန်မာကျပ်ငွေလဲလှယ်ရမယ်လို့ အသီးသီးပြင်ဆင်ဖြေလျှော့ ထုတ်ပြန်ခဲ့တာပါ။

ဗဟိုဘဏ်ရဲ့ ငွေလဲနှုန်းကတော့ အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၂၁၀၀ သတ်မှတ်ထားပြီး အခုအမိန့်ကြော်ငြာစာဟာ ဩဂုတ် ၈ ရက်ကစပြီး အကျိုးသက်ရောက်စေရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ လတ်တလော ပြင်ပငွေကြေးဈေးကွက်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းဟာ ဒေါ်လာဈေးနှုန်းမြင့်တက်လာတဲ့အတွက် လုပ်ငန်းရှင်တွေ အဆင်ပြေစေဖို့ အခုလိုလျှော့ချသတ်မှတ်ပေးတာဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ကပြောပါတယ်။