ပို့ကုန်တင်ပို့သူတွေအနေနဲ့ ဩဂုတ် ၈ ရက်ကစပြီး ပို့ကုန်ရငွေရဲ့ ၂၅ ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်ရဲ့ သတ်မှတ် နှုန်းထားအတိုင်း မြန်မာကျပ်ငွေလဲလှယ်ရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဩဂုတ် ၇ ရက်မှာ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပါတယ်။
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ၄၉၊ ပုဒ်မခွဲ(ခ)အရ အပ်နှံထားတဲ့လုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီး အခုလို ထုတ်ပြန်တာဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ပို့ကုန်ရငွေရဲ့ ၆၅ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်နှုန်းထားနဲ့ မြန်မာကျပ်ငွေ လဲလှယ် ရမယ်လို့ ထုတ်ပြန်ခဲ့ပြီး ၂၀၂၃ခုနှစ် ဇူလိုင်လမှာ ပို့ကုန်ရငွေရဲ့ ၅၀ရာခိုင်နှုန်း၊ ၂၀၂၃ခုနှစ် ဒီဇင်ဘာ ၆ ရက်မှာ ပို့ကုန်ရငွေရဲ့ ၃၅ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်နှုန်းထားအတိုင်း မြန်မာကျပ်ငွေလဲလှယ်ရမယ်လို့ အသီးသီး ပြင်ဆင် ဖြေလျှော့ ထုတ်ပြန်ခဲ့တာပါ။
အခုအမိန့်ကြော်ငြာစာဟာ ဩဂုတ်၈ရက်ကစပြီး အကျိုးသက်ရောက်စေရမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဗဟိုဘဏ်ရဲ့ ငွေလဲနှုန်းကတော့ အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၂၁၀၀ သတ်မှတ် ထားတာ ဖြစ်ပါတယ်။
လတ်တလော ပြင်ပငွေကြေးဈေးကွက်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းဟာ ဒေါ်လာဈေးနှုန်း မြင့်တက်လာ တဲ့အတွက် လုပ်ငန်းရှင်တွေ အဆင်ပြေစေဖို့ အခုလို လျှော့ချသတ်မှတ်ပေးတာ ဖြစ်တယ်လို့ စီးပွားရေး လုပ် ငန်းရှင် တစ်ယောက်က ပြောပါတယ်။