နောင်လာမယ့် ငါးနှစ်မှာ ထိုင်းနိုင်ငံတွင်း TikTok ကုမ္ပဏီက ဘတ် ဘီလျံ ၃၀၀ ကျော် ရင်းနှီးမြှုပ်နှံသွားဖို့ ရှိနေပြီး အာဆီယံမှာ နည်းပညာရပ်ဝန်းတစ်ခုဖြစ်အောင် ပံ့ပိုးမှုတွေပြုသွားမှာလို့ ဒုဥက္ကဋ္ဌ Helena က ပြောကြားထားတာ ကို Bangkok Post သတင်းမှာ ဖော်ပြထားပါတယ်။ ဒီဆုံးဖြတ်ချက်က ဖေဖော်ဝါရီ ၂၈ ရက်မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲရလဒ်ဖြစ်ပြီး TikTok ရဲ့ ဒုဥက္ကဋ္ဌနဲ့ ထိုင်းဝန်ကြီးချုပ်တို့ ဘန်ကောက်မြို့မှာ တွေ့ဆုံမှုအတွင်း အခုလို ဆုံးဖြတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

TikTok က ထိုင်းအစိုးရရဲ့ ကြည်ဖြူမှု၊ ရင်းနှီးမြှုပ်နှံမှုတွေလုပ်နိုင်ဖို့ ထောက်ခံအားပေးမှုကို အထူးကြိုဆိုခဲ့သလို ထိုင်းနိုင်ငံအတွက် နောက်ထပ် မြင့်မားတဲ့ နည်းပညာအဆင့်အတန်းတစ်ခုရောက်ဖို့ ပူးပေါင်းဆောင်ရွက်မှုကို လည်း ကြိုဆိုခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ၈ ဒသမ ၈ သန်း တန်ကြေးရှိတဲ့ ထိုင်းဘတ် ၃၀၀ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံမှုထဲမှာ ထိုင်းနိုင်ငံမှာ ဒေတာစင်တာ တည်ဆောက်ပြီး အရှေ့တောင်အာရှနိုင်ငံတွေရဲ့ အသုံးပြုသူ တွေကြား ဝန်ဆောင်မှုပေးတာတွေ ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

ဒီအစီအစဥ်ကို ထိုင်းဝန်ကြီးချုပ်ကလည်း ကြိုဆိုပြီး TikTok ကို ချီးကျူးတာတွေ လုပ်ခဲ့သလို သတင်းတု၊ သတင်း မှားတွေ တိုက်ဖျက်ဖို့လည်း ပူးပေါင်းဆောင်ရွက်လိုတယ်လို့ ကမ်းလှမ်းခဲ့ကာ TikTok ကလည်း ဆောင်ရွက်သွား မှာဖြစ်ကြောင်း ကတိပေးခဲ့ပါတယ်။ ထိုင်းမှာ TikTok သုံးသူ သန်း ၅၀ ကျော်ရှိပြီး ၃ သန်းကျော်က TikTok Shop ကတစ်ဆင့် ဈေးရောင်းချနေတယ်လို့ အချက်အလက်တွေက ဖော်ပြထားပါတယ်။ အခုဆိုရင် ထိုင်းမှာ နည်းပညာ ကုမ္ပဏီကြီးတွေဖြစ်တဲ့ Microsoft, Google တို့ကလည်း အပြိုင်အဆိုင် ရင်းနှီးမြှုပ်နှံတာတွေ တိုးချဲ့နေတာကို တွေ့ရပါတယ်။