ပြီးခဲ့တဲ့ ဒီဇင်ဘာလတစ်လလုံးမှာ ပြည်သူတွေရဲ့ သတင်းပေးမှုကြောင့် တရားမဝင်ကုန်စည် တစ်ဘီလီယံကျော်ဖိုး ဖမ်းမိခဲ့တယ်လို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီကနေ သိရပါတယ်။

ဖမ်းဆီးရမိတဲ့အထဲ မှာ သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းတွေ၊ လူသုံးကုန်ပစ္စည်းတွေနဲ့ စားသောက်ကုန်ပစ္စည်းတွေအပါအဝင် ကုန်ပစ္စည်း ၄၅ မျိုး၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၁ ဒသမ ၀၂ ဘီလီယံကျော်ဖိုး ဖမ်းမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ဒါ့အပြင် တရားမဝင်ကုန်စည်တွေ တင်ဆောင်လာတဲ့ မော်တော်ယာဉ်တွေအပါအဝင် စက်လှေတွေ၊ လိုင်စင်မဲ့ မော်တော်ယာဉ်တွေကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

သတင်းပေးတိုင်ကြားခဲ့တဲ့ တာဝန်သိပြည်သူတွေကိုလည်း ဖမ်းမိတန်ဖိုးရဲ့ ၂၀ ရာခိုင်နှုန်းဖြစ်တဲ့ ငွေကျပ် ၂၀၄ သန်းကျော်ကို သတင်းပေးဆုကြေးငွေအဖြစ် ပြန်လည်ချီးမြှင့် သွားမှာဖြစ်ပြီး သက်ဆိုင်ရာဌာနတွေက မြန်မြန်ဆန်ဆန် ဆုချီးမြှင့်နိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။