မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ရွှေဘိုပေါ်ဆန်းနဲ့ ဧရာဝတီပေါ်ဆန်း ဆန်အိတ်တွေကို အိမ်အရောက်ပို့စနစ်နဲ့ ရောင်းချရာမှာ မသမာသူတွေက ဆန်စပါးအသင်းချုပ်ရဲ့ Facebook Page အတု ပြုလုပ်ပြီး ငွေကြေးလိမ်လည်မှု တွေ ပြုလုပ်တာကြောင့် ပုံစံပြောင်းပြီးရောင်းချသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဇူလိုင် ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
အိမ်အရောက်ပို့စနစ်ကို အွန်လိုင်းကနေ စီမံဆောင်ရွက်ပြီး KBZ Pay၊ AYA Pay၊ A+ Wallet တို့ကနေ ငွေလက်ခံ ရာမှာ မသမာသူတွေက ဆန်စပါးအသင်းချုပ်ရဲ့ Facebook Page အတု ပြုလုပ်ပြီး ဖုန်းနံပါတ်ပြောင်းလဲကာ ငွေကြေးလိမ်လည်မှု ၆ ခု ကြုံတွေ့ရတဲ့အတွက် အရေးယူဆောင်ရွက်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် အိမ်အရောက်ပို့စနစ်ကို ပိုမိုလွယ်ကူထိရောက်စေဖို့နဲ့ မှန်ကန်မြန်ဆန်စေဖို့ မြို့နယ်အလိုက် ဆန်ဆိုင် တွေကို ခွဲဝေတာဝန်ပေးပြီး အဲဒီဆန်ဆိုင်တွေကတစ်ဆင့် သက်ဆိုင်ရာ မြို့နယ်အနီးတစ်ဝိုက်က အိမ်ထောင်စုတွေ ဆီကို ဖြန့်ဖြူးရောင်းချမယ့်အစီအစဉ်ကို ဇူလိုင် ၁၀ ရက်ကစပြီး ရန်ကုန်တိုင်းဒေသကြီးမှာ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ငွေပေးချေမှုကိုလည်း Cash on Delivery(ပစ္စည်းရောက် ငွေချေ)စနစ် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
ဆန်အိတ်ဈေးနှုန်းတွေလည်း ပြောင်းလဲမှုမရှိဘဲ ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ၁၅၂၀၀၀ ကျပ်၊ ဧရာဝတီ ပေါ်ဆန်း တစ်အိတ်ကို ၁၃၀၀၀၀ ကျပ်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ အိမ်အရောက်ပို့အစီအစဉ်မှာ ပူးပေါင်းဆောင်ရွက်လိုတဲ့ ဆန်ဆိုင်တွေအနေနဲ့ အသင်းချုပ်နဲ့ ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နေပြည်တော်၊ မန္တလေး၊ မော်လမြိုင်နဲ့ တောင်ကြီးမြို့တွေမှာလည်း အိမ်အရောက်ပို့စနစ် ဆောင်ရွက် နေပြီ ဖြစ်တာကြောင့် လိုအပ်ရင် ဆက်သွယ်မှာယူနိုင်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားပါတယ်။