ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ရှိ တရုတ်-မြန်မာ နယ်စပ်ဂိတ်ဖြစ်တဲ့ ဆင်ဖြူဂိတ်ကနေ့ တရုတ်နိုင်ငံဘက်ကို ဒီဇင်ဘာ(၁)ရက်နေ့ကစပြီး ကုန်ပစ္စည်းတင်သွင်းခွင့်ပြုခဲ့ပေမယ့် လတ်တလောမှာတော့ အကန့်သတ်နဲ့သာခွင့်ပြု ထားတယ်လို့ နယ်စပ်ကုန်သည်တချို့က ပြောပါတယ်။ လတ်တလော ကုန်တင်သွင်းခွင့်နဲ့ သယ်ယူရာမှာတော့ လိုင်စင်ရှိတဲ့ မော်တော်ဆိုင်ကယ်နဲ့ ကားတွေကိုသာ ခွင့်ပြု ပေးထားပြီး ကုန်စိမ်းနဲ့စားသောက်ကုန်တွေပဲ သယ်ခွင့် ရတာဖြစ်တယ်လို့ သိရပါတယ်။
ဆင်ဖြူဂိတ်ကတစ်ဆင့် စားသောက်ကုန်တွေကို တင်သွင်းခွင့်အဖြစ် ကုန်ပစ္စည်းသယ်ယူဖို့ စာရင်းပေးသွင်းရပြီး တုံကင်စနစ်နဲ့ သယ်ယူရတာဖြစ်တယ်လို့ ဆိုပါတယ်။ မူဆယ်မြို့မှာရှိတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်ဖြစ်တဲ့ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်၊ မန့်ဝန်းဂိတ်၊ ကျင်စန်းကျော့ဂိတ်နဲ့ ပန်ဆိုင်းဂိတ်တို့အနက် ဆင်ဖြူဂိတ်ကိုတော့ ကုန်ပစ္စည်းသယ်ယူခွင့်ပေးထားတယ်လို့ သိရပါတယ်။